၇ ဩဂုတ်
ဂျော်ဒန်နိုင်ငံဆိုင်ရာ လက်ဘနွန် သံအမတ် ထရေစီ ချာမွန်းက ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှု အပြီး နိုင်ငံရဲ့ တာဝန်ရှိသူတွေရဲ့ အလေးမထားမှု၊ ဂရုမစိုက်မှုကြောင့် ခေါင်းဆောင်မှု ပြောင်းလဲရန် အချက်ပေးတာ ဖြစ်တယ်လို့ ပြောဆိုပြီး ကြာသပတေးနေ့က ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။
အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ဘေရွတ်ဆိပ်ကမ်းက ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၅၀ နီးပါး သေဆုံးပြီး အနည်းဆုံး လူ ၅၀ဝဝ ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် မာဝမ် ဟာမာဒါ လည်း ဗုဒ္ဓဟူးနေ့က နုတ်ထွက်ခဲ့ပါတယ်။
သံအမတ် ထရေစီ ချာမွန်းက လက်ဘနွန် ရုပ်မြင်သံကြား MTV နဲ့ မေးမြန်းခန်းမှာ သူမ အနေနဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုကို လုံးဝ သည်းမခံနိုင်ကြောင်း၊ နိုင်ငံမှာ အလေးမထားမှုတွေ၊ ခိုးမှုတွေနဲ့ လိမ်ညာမှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ သံအမတ် တာဝန်ကနေ နုတ်ထွက်ကြောင်း ပြောကြားသွားပါတယ်။
ဘေရွတ်ဆိပ်ကမ်းက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဆိပ်ကမ်းမှ တာဝန်ရှိသူ ၁၈ ဦးကို မေးမြန်းရာ ၁၆ ဦးကို ဆက်လက်မေးမြန်းရန် ချုပ်နှောင်ထားကြောင်း လက်ဘနွန် စစ်တပ်မှ တရားစွဲဆိုသူ ဖာဒီ အကီကီက ကြာသပတေးနေ့မှာ ပြောကြားပါတယ်။
ဉရောပသမဂ္ဂက ဘေရွတ်ဆိပ်ကမ်းက ပေါက်ကွဲမှုကို ကူညီရန် ယူရိုငွေ ၃၃ သန်းကို သုံးစွဲသွားမယ်လို့ မနေ့( ကြာသပတေးနေ့) က ကြေညာလိုက်ပါတယ်။
အီတလီနိုင်ငံမှ ရေတပ်သင်္ဘော တစ်စီးနဲ့ ရဟတ်ယာဉ် တစ်စီးတို့အား ဆေးကုသပေးရန် စေလွှတ်လိုက်ပြီး ဆေးဝါးပစ္စည်း ၈ ဒသမ ၅ တန် တင်ဆောင်ထားတဲ့ လေယာဉ်တစ်စီးပါ စေလွှတ်ထားကြောင်း သိရပါတယ်။
ဘေရွတ် ဆိပ်ကမ်းရှိ ကုန်လှောင်ရုံ တစ်ခုမှာ ခြောက်နှစ်ကြာ သိုလှောင်ထားတဲ့ တန်ချိန် ၂,၇၅၀ ရှိ အမိုနီယံ နိုက်ထရိုတ် (ammonium nitrate) တွေကို မီးရှို့လိုက်တဲ့အတွက် ပေါက်ကွဲမှု ဖြစ်လာတယ်လို့ လက်ဘနွန် တာဝန်ရှိသူတွေက ပြောထားပါတယ်။
MDN
ကိုးကား - AFP