နေပြည်တော် ၇ ဩဂုတ်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးနေမျိုးထွန်းက ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ကို ဖတ်ကြားတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဆိုပါဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉-၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၇/၂၀၂၀) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း အခွန်(၄)မျိုး စုစုပေါင်း (၇၃၆ ဒသမ ၆၂၂) ကျပ်သန်း လျာထားခဲ့ရာ (၈၂၉ ဒသမ ၄၄၃) ကျပ်သန်းကောက်ခံရရှိခဲ့သဖြင့် လျာထားချက်အပေါ် (၁၁၂ ဒသမ ၆) ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အခွန်(၄)မျိုးအား အခွန် အမျိုးအစားအလိုက် လျာထားချက်များ ရေးဆွဲကောက်ခံ၍ သက်ဆိုင်ရာဘဏ္ဍာ ရန်ပုံငွေစာရင်းများသို့ ပေးသွင်းလျက်ရှိရာ အမှန်တကယ်ရသင့်သော အခွန်ငွေနှင့် အနီးစပ်ဆုံးလျာထား သတ်မှတ်ရန်၊ လျော့၍ လျာထားခြင်းကြောင့် ကောက်ခံရရှိမှုရာခိုင်နှုန်း အဆမတန်များပြားနေမှုမရှိစေရေး လျာထားသတ်မှတ်မှုအား တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်ကြပ်မတ်ဆောင်ရွက်ရန်၊ လျာထားသတ်မှတ်ချက်အား ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ အကြောင်းကြားထား ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ(၆)လပတ် အခွန်ရငွေစာရင်းများနှင့် ၎င်းအပေါ်ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၇/၂၀၂၀) နှင့် စပ်လျဉ်း၍ ဆွေးနွေးချက်များအပေါ် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ကောက်ခံရရှိသော အခွန်(၄)မျိုးနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ်အလိုက် လျာထား ချက်ပြည့် မီကျော်လွန်အောင် ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအဆင့်ဆင့်သို့လည်း အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာန အနေဖြင့် ၂၀၁၉ - ၂၀၂ဝခုဘဏ္ဍာရေးနှစ် အခွန်ရငွေစာရင်းတွင် မူလလျာထားချက်အနေဖြင့် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ငွေကျပ် (၁၄၈၇ ဒသမ ၄၇၇) သန်းနှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ ငွေကျပ် သန်း ၃၀၀၀ စုစုပေါင်း ငွေကျပ် (၄၄၈၇ ဒသမ ၄၇၇) သန်းလျာထားခဲ့ပါကြောင်း။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အခွန် ပြုပြင် ပြီး လျာထားချက် ငွေကျပ် (၁၄၈၇ ဒသမ ၄၇၇) သန်းအပေါ် ဇွန်လအထိ ငွေကျပ် (၁၁၁၈ ဒသမ ၂၀၉) သန်း ရရှိခဲ့ပါကြောင်း၊ အဆိုပါ ရငွေသည် ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် ၄၂၉ သန်း (၂၉) ရာခိုင်နှုန်း ကောက်ခံရရှိပြီး ၂၀၁၇ - ၂၀၁၈ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တို့အတွက် ကြွေးကျန် ငွေကျပ် (၆၈၉ ဒသမ ၂၀၉)သန်း ပါဝင်ပါကြောင်း။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၉ - ၂၀၂ဝခုဘဏ္ဍာရေးနှစ် အခွန်ပြုပြင်ပြီး လျာထားချက် ငွေကျပ် သန်း ၃၀၀၀ အပေါ် ဇွန်လအထိ ငွေကျပ် (၅၀၄၈ ဒသမ ၅၂)သန်း အခွန်ကောက်ခံရရှိပြီး ရာခိုင်နှုန်း အားဖြင့် ၁၆၈ ဒသမ ၂၈၄ ရာခိုင်နှုန်း ကောက်ခံရရှိပြီးဖြစ်ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပင်လယ်ကမ်း ဝေးငါးဖမ်းလုပ်ငန်းရှင်များ အခွန်အပြည့်၀ ပေးသွင်းနိုင်ရေးအတွက် ကောက်ခံရရှိရေးကို စီမံဆောင်ရွက်သကဲ့သို့ မှတ်ပုံတင်ခြင်းများ ပြင်ဆင်သတ်မှတ် ကောက်ခံခြင်းများကြောင့် ပိုမိုရရှိခြင်း ဖြစ်ပါကြောင်း။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် လွှတ်တော်အစီရင်ခံစာတင်ပြပြီး နောက်ပိုင်း ကြွေးကျန်ကောက်ခံရရှိမှုအနေဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေကျပ် ၁ ဒသမ ၁၉၈ ဘီလီယံ၊ ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ် ငွေကျပ် ၁ ဒသမ ၀၁၇ ဘီလီယံနှင့် ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ် ဇွန်လအထိ ငွေကျပ်သန်း ၄၃၀ စုစုပေါင်း ငွေကျပ် ၂ ဒသမ ၆၄၆ ဘီလီယံကောက်ခံရရှိပြီး ဖြစ်ပါကြောင်းနှင့် အခွန်ငွေများ ပြေကြေစွာ ကောက်ခံရရှိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အခွန်ရငွေစာရင်းများနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၇/၂၀၂၀) အပိုဒ် (၁၄)ပါ သဘောထားမှတ်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အလေးနက်ထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်မှ အခွန်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထားစီမံခန့်ခွဲကြပ်မတ်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းကိစ္စတို့နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ဆက်လက်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်သူ့ငွေစာရင်ပူးပေါင်းကော်မတီဝင် ဦးမျိုးဝင်းက အဆိုပါ အစီရင်ခံစာ (၇/၂၀၂၀)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအဆိုကိုအတည်ပြု ရန်လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၇/၂၀၂၀)ကို လွှတ်တော်က သဘောတူအတည်ပြု ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ်အခွန်ရငွေစာရင်းများ အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝ ခု၊ ဘဏ္ဍာနှစ်၊ ပထမ ၆ လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန် လည်ရှင်းလင်းဆွေးနွေးကြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဈေးကွက်သစ်များ ရှာဖွေရန်နှင့် ဝယ်လိုအားရှိပြီး ထိုးဖောက်နိုင်သည့် နေရာများတွင် ကြိုတင်ဈေးကွက်ရှာဖွေမှုများ ပြုလုပ်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ကို ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် တာဝန်ရှိသူများနှင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် စီးပွားရေးသံမှူးများ အကြားတွင် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို Online စနစ်ဖြင့် ကျင်းပခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့တွင် ဈေးကွက်အသစ်ရှာဖွေမှုများ ဆောင်ရွက်နိုင်ရေး အတွက် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ အချက်အလက်များကို ပေးပို့ချိတ်ဆက်ဆောင်ရွက် လျက်ရှိပါကြောင်း၊
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ကို အကောင်အထည် ဖော်လျက်ရှိပြီး ပို့ကုန်များအပြင် အရည်အသွေးစီမံခန့်ခွဲမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အမျိုးသားအရည်အသွေးထိန်းချုပ်မှု အခြေခံအဆောက်အအုံများ မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အစားအသောက်ဘေးကင်းလုံခြုံစေရေးနှင့် ပိုးမွှားကင်းစင်မှုအစီအမံများ ပိုမိုအားကောင်းစေရေးအတွက် ဆက်စပ်ဌာနများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်ခွဲခန်းများ ထူထောင်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များရရှိရေးအတွက် ပံ့ပိုးပေးခြင်း၊ စံချိန်စံညွှန်းနည်းပညာများ ကူညီပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဦးမောင်မောင်ဝင်း တို့က ဆက်လက်ရှင်းလင်း ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးကျော်တင့်က ကော်မတီ၏ အစီရင်ခံစာ (၈/၂၀၂၀) နှင့် (၉/၂၀၂၀) တို့ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၈/၂၀၂၀)နှင့် (၉/၂၀၂၀)တို့ကို သဘောတူအတည်ပြု ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝ ခု၊ ဘဏ္ဍာနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၁၀/၂၀၂၀) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာန အနေဖြင့် ယခင် ၁၉၈၈ မတိုင်မီကာလအထိ စီမံကိန်း စုစုပေါင်း ၅ ခုအတွက် အမေရိကန်ဒေါ်လာ (၈ ဒသမ ၉၂၂) သန်းချေးငွေရယူခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်မတိုင်မီ ကာလအတွင်း စိုက်ပျိုးရေးကဏ္ဍ စီမံကိန်း (၆)ခုအတွက်အမေရိကန် ဒေါ်လာ (၇၂ ဒသမ ၇၆၆) သန်း ချေးငွေရယူမှုရှိခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မတိုင်မီ ပြီးခဲ့သည့် လွှတ်တော် သက်တမ်းကာလ၊ ဝန်ကြီးဌာနအလိုက် အသီးသီးတည်ရှိနေသည့် အချိန်အတွင်း စုစုပေါင်းစီမံကိန်း (၁၁)ခုအတွက် အမေရိကန်ဒေါ်လာ (၁၄၇၇ ဒသမ ၉၀၇) သန်း ချေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် စုစုပေါင်းစီမံကိန်း (၇)ခုအတွက် ချေးငွေ အမေရိကန်ဒေါ်လာ (၅၂၉ ဒသမ ၃၈၇) သန်း ချေးယူဆောင်ရွက်ခဲ့ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ယခုလက်ရှိအချိန်တွင် စုစုပေါင်းစီမံကိန်း (၂၉) ခုအတွက် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ (၂၀၈၈ ဒသမ ၉၈၂)သန်း ချေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်း (၂၉)ခုအနက် သမဝါယမကဏ္ဍတွင် စီမံကိန်း (၁)ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် စီမံကိန်း(၁၁)ခု၊ မွေးရေ/ ကျေးလက်ကဏ္ဍတွင် စီမံကိန်း (၂)ခု၊ စုစုပေါင်းစီမံကိန်း (၁၄)ခုအတွက် ချေးငွေအမေရိကန်ဒေါ်လာ (၂၆၆ ဒသမ ၉၁) သန်းဖြင့်လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ စီမံကိန်း လုပ်ငန်းများအနေဖြင့် သမဝါယမကဏ္ဍတွင် စီမံကိန်း(၃)ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် စီမံကိန်း (၇)ခု၊ မွေးရေ/ ကျေးလက်ကဏ္ဍတွင် စီမံကိန်း (၅)ခု စုစုပေါင်းစီမံကိန်း (၁၅)ခုရှိပါကြောင်း၊ ယင်းတို့အတွက် ချေးငွေအမေရိကန်ဒေါ်လာ (၁၈၂၂ ဒသမ ၀၇၂) သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ငွေထုတ်ယူရမည့် ချေးငွေသက်တမ်းကာလကုန်ဆုံးပြီး ငွေဆက်မထုတ်နိုင်တော့သဖြင့် ဆောင်ရွက်ရန် ကျန်နေဆဲ စီမံကိန်းလုပ်ငန်းများ မရှိပါကြောင်း။
တရုတ်နိုင်ငံမှ ချေးငွေရယူ အကောင်အထည်ဖော်လျက်ရှိသည့် စိုက်ပျိုးရေးကဏ္ဍတွင် စီမံကိန်း(၂)ခုနှင့် သမဝါယမကဏ္ဍတွင် စီမံကိန်း(၂)ခု၊ စုစုပေါင်းစီမံကိန်း (၄)ခုရှိပါကြောင်း၊ အဆိုပါ စီမံကိန်း(၄)ခုအနက် စီမံကိန်း(၁)ခုမှာ ချေးငွေအကျေပေးဆပ်ပြီး ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ တင်ပြပါဆောင်ရွက်ဆဲ ကြွေးမြီနှင့်စပ်လျဉ်းသည့် ချေးငွေစီမံကိန်းများကို ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ အကြံပြု သုံးသပ်ချက်များနှင့်အညီ အလေးအနက်ထား လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဆက်လက်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ကော်မတီ၏အစီရင်ခံစာ (၁၀/၂၀၂၀)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်ထောင် စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို မှတ်တမ်းတင် ကြောင်း နှင့် ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၀/၂၀၂၀) ကို လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဩဂုတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်