ကျောက်ပန်းတောင်း  ၇  ဩဂုတ်  

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အင်ချောင်းကျေးရွာ၊ ဆည်ပေါက် စံပြကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ပုပ္ပားကျေးရွာတို့သည် အရိပ်ရသစ်ပင်၊ စားပင်သီးပင်နှင့် ပန်းအလှပင် အမျိုးမျိုး ပျိုးထောင်စိုက်ပျိုးရောင်းချသည့် ကျေးရွာများဖြစ်ကြကာ ယခုနှစ်မိုးရာသီတွင် အနယ်နယ် အရပ်ရပ်မှ ပျိုးပင်ပေါက်လာရောက်ဝယ်ယူမှု များပြားလာခဲ့သည်။ 

 

ပျိုးထောင်ရောင်းချသည့် အိမ်တိုင်းရောင်းချရခြင်းကြောင့် အရိပ်ရသစ်ပင်မျိုးပြတ်သည်အထိ ရောင်းချခဲ့ရ ကြောင်း ဆည်ပေါက်စံပြကျေးရွာ ပျိုးပင်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေါ်သက်နှင်းဖြိုးထံက သိရသည်။

 

ယခုနှစ် မိုးဦးကျစချိန်မှစ၍ ပျိုးပင်မျိုးစုံရောင်းချလာခဲ့ရာ ဆည်ပေါက်ကျေးရွာ အိမ်တိုင်းမှာရှိသည့် စိန်တစ်လုံး ကိုင်းဆက်သရက်၊ အစိပျိုးထောင်နှင့် ကိုင်းဖျားဆက်သရက်ပင်များ ပြတ်သည်ရောင်းချခဲ့ ရကြောင်း၊ အခြားအပင်များဖြစ်သည့် မယ်ဇလီပင်များကိုလည်း ဝယ်ယူသူလိုသလောက် မပေးနိုင်လောက် အောင် ရောင်းချခဲ့ရကြောင်း၊ ဖုန်းဆက်၍ ကြိုတင်ငွေပေးချေကာ ကားဂိတ်အရောက်ပို့ပေးသည့်စနစ်ဖြင့် လည်း ရောင်းချပေးကြောင်း ဦးသောင်းရီက ရှင်းပြသည်။

 

အဆိုပါ ကျေးရွာများသည် စိန်တစ်လုံးအစေ့ပျိုးထောင်၊ ကိုင်းဆက်စိန်တစ်လုံးနှင့် R2E2 သရက်၊ စိမ်းချို၊ ပတ္တမြားငမောက်၊ မြကျောက်သရက်နှင့် သရက်အမျိုးမျိုး ပျိုးထောင်ရောင်ချခြင်း၊ သပြေ၊ ပိန္နဲ၊ မာလကာ၊ အစေ့မဲ့မာလကာ၊ အုန်းချိုမွှေး၊ သပြေဘူတ၊ ဘုံခုနှစ်ဆင့်၊ ဗန်ဒါ၊ စန္ဒကူး၊ ပင်လယ်ကဗွီး၊ ဆူးပုတ်ကြီး/ ဆူးပုတ်လေး၊ သစ်ခွအမျိုးမျိုး၊ နှင်းဆီအမျိုးမျိုးနှင့် ဩဇာ၊ တမာ၊ ယင်းမာ၊ မယ်ဇယ် စသည့် အရိပ်ရ နှစ်ရှည်ပင်အမျိုးမျိုးနှင့် သီးပင်စားပင် နှစ်ရှည်ပင်အမျိုးမျိုး၊ ပန်းအလှပင်အမျိုးမျိုးတို့ကို တစ်နှစ်ပတ်လုံး ရောင်းချနေရပြီး ယခုနှစ် မိုးဦးကျတွင် ပျိုးပင်အမြောက်အများ ရောင်းချခဲ့ရကြောင်း ပျိုးပင်မျိုးစုံရောင်းဝယ်ရေး လုပ်ကိုင်သူ ဒေါ်သက်နှင်းဖြိုးက ရှင်းပြသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)