ပွင့်ဖြူ ၇ ဩဂုတ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေဖြန့်ဝေပေးသော တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရန်နှင့် မိုးရာသီကာလ သီးနှံစိုက်ခင်းများအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက တောင်မုန်းမြောင်းမကြီးမှ ဆည်ရေပို့လွှတ်သော လက်တံ(၄)၊ မင်္ဂလာ၊ ထရုံ၊ စက်ကလပ်ရေပေးမြောင်းများကို တောင်သူများ မြောင်းဆုံးမြောင်းဖျားအထိ ဆည်ရေဖူလုံစွာရရှိ ရေးအတွက် စက်ယန္တရား(၄)စီးဖြင့် ရေမြောင်းတူးဖော်ပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
“ကျွန်တော်တို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရန်နှင့် မိုးရာသီကာလတွေမှာ သီးနှံစိုက်ခင်းများအတွင်း ရေကြီးရေလျှံမှုတွေ မဖြစ်ပွား စေရေးအတွက် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေဖြန့်ဝေပေးထားသော တောင်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာအတွင်းရှိ လက်တံ(၄)၊ မင်္ဂလာ၊ ထရုံ၊ စက်ကလပ် ရေပေးမြောင်း(၄)ခုကို မြောင်းဆုံးမြောင်းဖျားအထိ စိုက်ပျိုးရေရရှိရေးအတွက် စက်ယန္တရား(၄)စီးနဲ့ ကွင်းဆင်းတူးဖော်ပြုပြင် ဆောင်ရွက်နေပါတယ်။ ရေမြောင်း တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကိုတော့ ဇူလိုင် ၂၀ ရက်ကစပြီး ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ လုပ်ငန်းပြီးစီးမှု ၆၀ ရာခိုင်နှုန်းလောက် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ ယခု ဆောင်ရွက်နေတဲ့ ရေပေးမြောင်းတွေ တူးဖော် ပြုပြင်ပြီးစီးသွားပါက ဒေသခံတောင်သူတွေ မိုးစပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်မယ့်အပြင် သီးနှံအောင်ရေ ရရှိဖို့အတွက်ကိုလည်း အဆင်ပြေစွာ ဖြန့်ဝေပေးသွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဆည်ရေလုပ်သားအဖွဲ့တွေကလည်း ကျေးရွာတွေမှာ ဖွဲ့စည်းဆောင်ရွက်ထားရှိတဲ့ ရေအသုံးချသူများအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တောင်မုန်း မြောင်းမကြီးနဲ့ အခြားလက်တံရေပေးမြောင်းတွေမှာ ရေစီးရေလာကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ် ကွင်းဆင်းပြီးတော့ ရေမှော်ပင်တွေနဲ့ မြောင်းဘောင်ကြံ့ခိုင်ကောင်းမွန်ရေး ခြုံနွယ်ပိတ်ပေါင်းတွေ ဆယ်ယူ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်”ဟု ပွင့်ဖြူ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က ပြောသည်။
ရဲဝင်းနိုင်(ညောင်ဦး)