ရန်ကုန်  ၇  ဩဂုတ်

 

ရန်ကုန်မြို့ သာကေတမြို့နယ် ပဲခူးမြစ်နှင့်သံလျင်တံတားအနီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို မတ်လမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ယာယီပိတ်ခဲ့ရာ ဖွင့်လှစ်ရန် ခွင့်ပြုချိန်တွင် အများပြည် သူအားဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ကာလ၌ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

 “တကယ်လို့ ဖွင့်ခွင့်ပြုခဲ့ရင် ရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး ဝင်ပေါက်ကစပြီးတော့ အထဲမှာ လက်ဆေးကန်တွေလည်း အဆင်သင့်ထားရှိပါတယ်။ တိုင်းရင်းသားရိုးရာနေအိမ် ပြခန်းတွေ မှာလည်း ကျန်းမာရေးသတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်သွားမှာပါ။ နန်းမြင့်မျှော်စင်မှာ တိုင်းရင်းသား တွေရဲ့ ရုပ်ထုတွေကို စုံတွဲလိုက်ပြသဖို့ စီမံ‌ဆောင်ရွက်ထားပြီးပါပြီ။ တိုင်းရင်းသားကျေးရွာအနေနဲ့ ပြည်ထောင်စုတိုင်းရင်းများ စည်းလုံးညီညွတ်မှုနဲ့ ရိုးရာဓလေ့ကို ထုတ်ဖော်ပြသရာ နေရာတစ်ခုအဖြစ် နိုင်ငံတော်ရဲ့လမ်းညွှန်မှုနဲ့အညီ ပြုပြင်‌ဆောင်ရွက်သွားမယ့် ကဏ္ဍတွေလည်းရှိပါတယ်။ ဖွင့်ခွင့်ရရင် သတင်းစာကနေ ကြေညာမှာပါ။ အခုတော့ ဆက်လက်ပိတ်ထားဖို့ရှိပါတယ်”ဟု တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။

 

ပဲခူးမြစ်ကို မေးတင်ထားသော ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာ မြေ ၁၁၇ ဧက ကျယ်ဝန်းပြီး မြစ်ပြင်မှ သန့်ရှင်းလတ်ဆတ်သောလေနှင့် သံလျင်တံတားကြီး၏ အလှနှင့်အတူ သစ်ရိပ်ဝါးရိပ် တို့ကြောင့် ရန်ကုန်မြို့နေပြည်သူများ ရုံးပိတ်ရက်တွင် အများဆုံး လာရောက်အပန်း ဖြေလေ့ရှိရာ ဖွင့်လှစ်ခဲ့စဉ်က မိုးရာသီတွင် ရုံးပိတ်ရက်တစ်ရက်လျှင် လူဦးရေ ၈၀၀ မှ ၁၀၀၀ ကြားတွင် လည်းကောင်း၊ တနင်္ဂနွေနေ့တွင် လူဦးရေ ၁၅၀၀ မှ ၂၀၀၀ ကြား လာရောက်အပန်းဖြေလေ့ရှိပြီး ပွင့်လင်းရာသီ ရုံးပိတ်ရက်၌ လူဦးရေ ၂၀၀၀ မှ ၃၀၀၀ ကြား လာရောက်အပန်းဖြေအနားယူလေ့ရှိ ကြောင်း သိရသည်။

 

ရန်ကုန်မြို့နေ ပြည်သူများ အများဆုံးအပန်းဖြေရာနေရာတွင် တစ်ခုအပါအဝင်ဖြစ်သော သာကေတ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ပြန်လည်ဖွင့်လှစ်ပါက အများပြည်သူအား ကြိုတင်အသိပေး သွားမည်ဖြစ်ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး