နေပြည်တော် ၇ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာရေးဆွဲချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သကဲ့သို့ တောင်သူပညာပေးလုပ်ငန်းများကို “ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (One Stop Service)အသွင်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် နေပြည်တော်၌ ဖွင့်လှစ်ပေးခဲ့သည်။
တောင်သူလယ်သမားဦးကြီးများ၊ လယ်ယာကဏ္ဍနှင့်ပတ်သက်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ဝင်စား သူများအနေဖြင့် နည်းပညာဆိုင်ရာ အခက်အခဲများ၊ ပိုးမွှားရောဂါပြဿနာများ၊ မြေဆီလွှာနှင့် မြေသြဇာ ဆိုင်ရာများ၊ အခြားသိရှိလိုကြသည့် မေးခွန်းများကို ဖြေကြားပေးခြင်းကို အစိုးရရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ Call Center တာဝန်ကျဝန်ထမ်းများက ဖြေကြားပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အထိ (၅၁၄၈)ကြိမ် ဖြေကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း Call Center သို့ Hot Line ဖြင့် (၃၃)ကြိမ်၊ ကြိုးဖုန်းဖြင့်(၃၂) ကြိမ်၊ Facebook ဖြင့် (၃၁)ကြိမ်နှင့် Viber ဖြင့် (၂၆)ကြိမ် စုစုပေါင်း (၁၂၂)ကြိမ် ခေါ်ဆိုမေးမြန်းခဲ့ပြီး မေးခွန်းများအနေဖြင့် သီးနှံကာကွယ်ရေးဆိုင်ရာ (၃၅)ကြိမ်၊ စိုက်သိပ္ပံနှင့် အထွေထွေဆိုင်ရာ (၂၇)ကြိမ်၊ စိုက်ပျိုးပညာပေးရေးဆိုင်ရာ(၂၇)ကြိမ်၊ ဥယျာဉ်/ဇီဝ(၁၇)ကြိမ်၊ မြေအသုံးချရေးဆိုင်ရာ(၁၀)ကြိမ်၊ စက်မှုသီးနှံ ဆိုင်ရာ(၃)ကြိမ်နှင့် မျိုးစေ့ဆိုင်ရာ(၃)ကြိမ်တို့ဖြစ်ကြောင်း Call Center တာဝန်ခံ ဒေါ်အေးအေးခိုင် ထံမှသိရသည်။
“စိုက်ပျိုးရေး နည်းပညာရပ်ဆိုင်ရာများအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သူ တာဝန်ကျ ဝန်ထမ်းတွေက အမြန်ဆုံးတုံ့ပြန်ဖြေကြားပေးနေကြပါတယ်။ နည်းပညာနဲ့ မသက်ဆိုင်ပေမယ့်လည်း ဖြေကြားသင့်တဲ့ မေးခွန်းတွေအတွက် သက်ဆိုင်ရာဌာနတွေကို စုံစမ်းဆက်သွယ်ပြီး ကြိုးစားဖြေကြား ပေး နေပါတယ် ။ Hot Line ဖုန်း ၅ လုံးရှိလို့ တစ်ချိန်တည်းမှာ မေးမြန်းသူ ၅ ဦးသာ ဆက်သွယ်နိုင်မှာဖြစ်လို့ တချို့အခြေအနေမျိုးမှာ ခေါ်ဆိုရခက်ခဲနိုင်ပါတယ်။ Hot Line ခေါ်လို့ ခက်ခဲတဲ့အခါမျိုးမှာ Facebook နဲ့ Viber တို့က မက်ဆေ့ပို့ မေးမြန်းထားလို့လည်းရပါတယ် ။ မေးခွန်းအကြောင်းအရာအလိုက် ကျွန်မတို့ Call Center က အမြန်ဆုံး ပြန်လည်ဖြေကြားပေးနေပါတယ်” ဟု ဒေါ်အေးအေးခိုင် က ပြောသည်။
နေပြည်တော် ရုံးအမှတ်(၄၃)တွင် အခြေစိုက်ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ဆက်သွယ်လိုပါက Hot Line 01-2399555 ၊ Viber 09764000841 ကြိုးဖုန်း 067-3410139 ၊ Facebook account- စိုက်ပျိုးရေးဦးစီးဌာန Call Center ၊ facebook စာမျက်နှာ www.facebook.com/doamoali တို့သို့ ဆက်သွယ်နိုင်ကြောင်းနှင့် ၊ Website www.doa.gov.mm တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


