နေပြည်တော် ၇ ဩဂုတ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်-မောင်တောသွား ကားလမ်းပေါ်၌ မော်တော် ယာဉ် ၁ စီးအား AA အကြမ်းဖက်သောင်းကျန်းသူများက ဩဂုတ် ၆ ရက်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်-မောင်တောသွား ကားလမ်းပေါ်၌ မောင်းနှင်နေသည့် မော်တော်ယာဉ် ၁ စီးအား ဩဂုတ် ၆ ရက် ညပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ယာဉ်မောင်းဖြစ်သူနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာနေ ဦးအောင်မျိုးသန့်(ခ)ညီပုချေသည် တစ်ရွာတည်းနေ ဦးသန်းဝင်းနှင့်အတူ ဩဂုတ် ၆ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် SURF အမျိုးအစား မော်တော်ယာဉ်ဖြင့် မောင်တောမြို့ ၃ မိုင်လမ်းဆုံမှ ခရီးသည် ၁ ဦးအား တင်ဆောင်၍ အင်းဒင်ကျေးရွာသို့ ပို့ဆောင်ပြီး အငူမော် - မောင်တော ကားလမ်းအတိုင်း ပြန်လည်မောင်းနှင်လာစဉ် မြင်းလွတ်ကျေးရွာအနီးသို့အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးအောင်မျိုးသန့်တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာနှင့် ဦးသန်းဝင်းတွင် ကားလေကာမှန်ကွဲစ စိုက်ဝင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး မော်တော်ယာဉ် တွင်လည်း လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးခဲ့ကြောင်း။
အဆိုပါ ဒဏ်ရာရရှိသူများအား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးလျက်ရှိပြီး ၎င်းနေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
သတင်းစဉ်