နေပြည်တော်  ၇  ဩဂုတ် 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီခွဲက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် TOYOTA  NOAH အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ကျွမ်းရင်၊ မဟွာမိန်းစီ(ခ) မိအေးနှင့် မအေ တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅,၁၀၀ ၊ မြန်မာငွေကျပ် ၅၆၀,၀၀၀ နှင့် ဖုန်း ၃ လုံးတို့ကိုလည်းကောင်း၊ 

 

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူး မြို့နယ်၊ ခေါက်စင်းကျေးရွာအုပ်စု၊ ဝါးဘိုးချောင်းကျေးရွာအနီး၊ ပင်လည်ဘူး-ဖောင်းပြင် ကားလမ်းတွင် ယောဆက် မောင်းနှင်ပြီး လာမာလေး လိုက်ပါလာသည့် မော်တော်ယာဉ်နှင့် အားကျိန်(ခ)အားစိန်(ခ)ခေါ်တား မောင်းနှင်ပြီး နက်ရှိုင်း(ခ)ကိုကိုမင်းနှင့် မခင်စန်းကြည်(ခ) မခင်ဝင်းကြည် တို့လိုက်ပါလာသည့် မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ ငွေကျပ် ၂၈၃၆ ဒသမ ၇၅ သိန်း တန်ဖိုးရှိ  ဘိန်းဖြူ ၂၃ ဒသမ ၉၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၇၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊ 

 

ထို့အတူ ယင်းနေ့ ညပိုင်းက ကော့သောင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကော့သောင်း မြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ သီရိမြိုင်လမ်းတွင် သူရအောင်နှင့် သန်းလွင်ဦးတို့အား  စစ်ဆေးရှာဖွေရာ သူရအောင်မှာ ထွက်ပြေးသွားပြီး သန်းလွင်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၉၆ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဩဂုတ် ၆ ရက် နံနက်တွင် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဗန္ဓုလလမ်းနေ ကျော်မင်းသူ၏နေအိမ်အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆,၇၅၀၊ မြန်မာ ငွေကျပ် ၅၀၀,၀၀၀ နှင့် ဖုန်းတစ်လုံး စုစုပေါင်း ငွေကျပ် ၃၈၆၂ ဒသမ ၃၈ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို လည်းကောင်း။

 

အလားတူ ဩဂုတ် ၅ ရက် ညပိုင်းက  တူးကုန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ရမည်းသင်း မြို့နယ်၊ ဝါးဖြူတောင် ကျေးရွာ အရှေ့ဘက်ရှိ ဒေသအခေါ်နှာဘူးတောင်အနီးတွင် ဆိုင်ကယ် (၃)စီးနှင့်အတူ တွေ့ရှိသည့် ဝေလင်းအောင်၊ သန်းတိုးအောင်၊ အောင်သူ တို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၃၃၃ ပြား၊ ဖုန်းတစ်လုံး၊ မြန်မာငွေကျပ် ၆၇၅,၀၀၀ နှင့် နာရီတစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ ဩဂုတ် ၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအနီး၊ မိုင်းရယ်-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၉/၅)အနီးတွင် မနန်းဆိုင်ဆာ မောင်းနှင်ပြီး မနန်းဟွမ်လှိုင် လိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(ရဲပြန်ကြား)