နေပြည်တော်  ၇  ဩဂုတ် 

 

အရှေ့တောင်အာရှဒေသနိုင်ငံများရှိ ကျန်းမာရေးဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်အတွင်း စဉ်ဆက်မပြတ် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစီမံကိန်းများ ဆောင်ရွက် နိုင်ရေး နှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံများ၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများကို ဆွေးနွေးခြင်း အစည်းအဝေးကို virtual meeting ဖြင့် သြဂုတ် ၆ ရက်တွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဆွေးနွေးသည်။

 

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက အဖွင့် အမှာစကားပြောကြား၍ တာဝန်ရှိသူများမှ ဆေးနှင့်ဆက်စပ်ပစ္စည်းများ ဖြန့်ဝေထားရှိမှုများကို ရှင်းလင်းတင်ပြခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး အဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် အတွေ့အကြုံများပေါ်မူတည်၍ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း အခြေခံကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစီမံကိန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် စီစဉ်ထားမှုများကို ဆွေးနွေးပြောကြားကြသည်။

 

ထိုသို့ နိုင်ငံအလိုက် အတွေ့အကြုံများကို ဆွေးနွေးတင်ပြစဉ် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်နေမှု၊ ပြည်သူလူထုသို့ အသိပညာပေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ website သာမက social media နှင့် အခြား Public Media များ၌ အလွယ်တကူသိရှိနိုင်အောင် လွှင့်တင်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်၌ ပုံမှန်လုပ်ငန်းစဉ်များဖြစ်သော တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း၊ ခုခံကျကာလသားရောဂါကာကွယ်နှိမ်နင်းရေး၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးနှင့် ဆင်ခြေထောက်ရောဂါ ဆေးတိုက်ကျွေးရေးလုပ်ငန်းများနှင့် အခြားပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ပြီး မေလလယ်မှစတင်၍ ဆေးရုံများ၌ ကာကွယ်ဆေးထိုး လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်နေမှု၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ အလွန်ကာလအတွင်း ကျန်းမာရေးစနစ် အဆင့်မြင့်မားစေရန်အတွက် အကြံပေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် နေမှု၊ အဖွဲ့ဝင်နိုင်ငံများနည်းတူ  မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ လိုအပ်သော ပစ္စည်းများ ထောက်ပံ့မှုနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များတွင် အခက်အခဲများကြုံတွေ့နေရသော်လည်း အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

(သတင်းစဉ်)