၈ ဩဂုတ်
ကျွန်မတို့နိုင်ငံမှာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေ ကြပ်ကြပ်မတ်မတ်ချပြီး Covid ကာကွယ်ရေး ဆောင်ရွက်ခဲ့တာ သုံးလတင်းတင်းတောင် မပြည့်သေးပါဘူး၊ သည်းမခံနိုင်တော့တဲ့သူတွေကို မြင်နေရပါတယ်။ ဒီလိုအခြေအနေက ကြောက်သင့်လို့ ကြောက်ရမဲ့(ဝါ)သတိကို လက်မလွှတ်ရမယ့် အချိန်ပါ။ Covid စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်ပြီလို့ တရားဝင်ကြေညာခဲ့တဲ့ နိုင်ငံအချို့မှာ Covid ပြန်လည်တွေ့နေရပါပြီ။ ကြောက်စရာပါ။
ထပ်မံပြီး သတိပေးပါရစေ၊ ဒုတိယ Covid လှိုင်းဟာ ပထမထက်ဆိုးဖို့ရာများတယ်လို့ လေ့လာထားသူတွေက သုံးသပ်ပါတယ်။ ကျွန်မတို့ ပထမလှိုင်းကို ကျော်လွှားနိုင်ခဲ့တာလည်း လွယ်လွယ်နဲ့ မဟုတ်ပါဘူး။ ငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား အင်အားအမျိုးမျိုး ရင်းနှီးခဲ့ရပါတယ်။ ဒီရင်းနှီးမှုတွေ အဟောသိကံ မဖြစ်သွားဖို့ ကျွန်မတို့ စိတ်အင်အားတွေ အဆက်မပြတ်ထုတ်ရပါဦးမယ်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၁၇-၆-၂ဝ၂ဝ ရက်နေ့တွင် ဖေ့စ်ဘွတ်၌ ရေးသားဖော်ပြချက်မှ ကောက်နုတ်ချက်)