ပုလော ၈ သြဂုတ်
ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ သြဂုတ် ၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ဝေါလ်ဗီရှင်း −မြန်မာ ပုလောတို့ ပူးပေါင်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးငယ်များသည် နိုင်ငံတော်၏ အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သောကြောင့် ကလေးသူငယ်များ အကြားတွင် ဖြစ်ပေါ်နေသည့် လူငယ်နှင့် မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိန်း၊ အသက်မပြည့်ဘဲ မော်တော်ယာဉ် မောင်းနှင်၍ ယာဉ်တိုက်မှုများ၊ တရားမ၀င် ကလေးစုဆောင်း၍ ခိုင်းစေခြင်းစသော လူတစ်ချို့၏ မိမိကိုယ်ကျိုးအတွက် အခွင့်အရေး တစ်ရပ်အနေဖြင့် ကျူးလွန်နေကြရာ အဖွဲ့အစည်း အသီးသီးက ကလေးသူငယ်များ၏ အခွင့်အရေးများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ကလေးသူငယ်များ၏ ကာယ၊ ဉာဏ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်စေလိုကြောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင်နှင့် တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဝေါလ်ဗီရှင်း−မြန်မာ တောင်ပိုင်းဇုံ တာ၀န်ခံ ဆရာ စောဂျွန်နှင့် ပုလော တာ၀န်ခံ နော်သင်းစိန်တို့က ဝေါလ်ဗီရှင်းအနေဖြင့် ပုလောမြို့နယ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ပူးပေါင်း၍ စုံလင်ပြည့်၀သော ကလေးဘ၀ ကလေးတိုင်းရစေသားဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပုလောမြို့နယ် တွင် ဝေါလ်ဗီရှင်း စီမံချက်၀င်ကျေးရွာ(၂၉)ရွာတွင် ဆောင်ရွက်ပေးနေသည့်အပြင် Covid–19 ကာလတွင်လည်း ပုလောမြို့နယ်တွင် ပြည်သူ့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများသို့ Covid–19 အထောက်အကူပြု ပစ္စည်းများ၊ စီမံချက်၀င်ကျေးရွာများရှိ အခြေခံအိမ်ထောင်စုများနှင့် တောင်သူဦးကြီးများကို အခြေခံစားသောက်ကုန်နှင့် ဓာတ်မြေသြဇာ ပံ့ပိုးခြင်းကို ဝေါလ်ဗီရှင်း ရုံးချုပ်အကူအညီဖြင့် သိန်း(၉၀၀)ကျော် ပံ့ပိုးပေးခဲ့ကြောင်းနှင့် ကျန်ကျေးရွာများတွင် အခါအားလျော်စွာ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် စီမံချက်၀င်ကျေးရွာမှ ကလေးများကိုယ်စား ကလေး မောင်ညီညီထက်က Covid – 19 ကာလအတွင်း ကလေးများ ရင်ဆိုင်နေရသည့် အခက်အခဲများကို တာ၀န်ရှိသူများထံ တင်ပြခဲ့ကြကြောင်းနှင့် ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ အမှု (၃)ခုဖြစ်ပွားခဲ့ရာ ကလေး (၅) ဦး ပါ၀င်ခဲ့သော်လည်း ပုလောမြို့နယ်မှ (၂) ဦး၊ ကျွန်းစုမြို့နယ်မှ (၃) ဦးဖြစ်ကြောင်း မြိတ်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာနမှ သိရှိရသည်။
အေးအေးမော်(ပုလော ပြန်ဆက်)