မကွေး ၈ သြဂုတ်

မကွေးမြို့၊ ကန်သာကန်ဆိုင်းဘုတ်တပ်ဆင်ထားသည့် လှေကားအတက်ထိပ်တွင် ချိုးဖြူငှက်ရုပ်(၂)ရုပ်ကို အလှဆင်ထားရှိသွားမည် ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

 

ကန်သာကန်သို့ လာရောက်လည်ပတ်သူများ၊ အပန်းဖြေသူများ၊ အားကစားလုပ်သူများ၊ ကန်ဘေးရှိ အထက (၁) လမ်းမကြီးပေါ်မှ ဖြတ်သန်းသွားလာသူများအား ငြိမ်းချမ်းရေး၏သင်္ကေတကို အမြဲတမ်းမြင့်တွေ့ စေချင်သည့် ရည်ရွယ်ချက်ဖြင့် ထားရှိရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

 

 “စရံ သုံးသိန်းပေးပြီး ဒီဇိုင်းအပ်ထားပြီးပါပြီ။ ၁၄ ဂိတ်သံပြားနှင့် ဒီဇိုင်းဖော်ဖို့ ပညာရှင် ဦးအောင်ဇော်ဆီမှာ အပ်ထားတာပါ။ အလှူရှင်တော့ မရသေးဘူး။ အလှူရှင်မပေါ်လည်း စည်ပင်ကော်မတီက လှူမှာပေါ့။ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ချင်တယ်။ လာလည်သူတွေကို မျက်စိပသာဒ ဖြစ်စေချင်တယ်” ဟု စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီ က ပြောသည်။

 

ကန်သာကန်တွင် ကမ္ဘာလုံးအပင်(၅၀) စိုက်ပျိုးထားပြီး ထိုသစ်ပင်များ၌ ဝက်ဝံရုပ်၊ ကြောင်ရုပ်၊ မြင်းရုပ်၊ ဆင်ရုပ်၊ ဆွမ်းအုပ်ပုံ စသည်တို့ကို ပုံဖော်အလှဆင်သွားမည်ဖြစ်ကြောင်း၊ ဒေါင်းရုပ်(၂)ရုပ်ပြုလုပ်ထားရှိရန် လှူဒါန်းသူများလည်း ရှိနေကြောင်း ဦးဖိုးနီ ထံမှ သိရသည်။   

 

ရေမနေဘဲနှစ်ပေါင်းများစွာ မတင့်မတယ်ဖြစ်နေသည့် ကန်သာကန်ကြီးကို တိုင်းအစိုးရ၏ စီမံမှုဖြင့် ဆည်မြောင်း ဦးစီးဌာနက ၂၀၁၉ ခုနှစ်တွင် ပြုပြင်ခဲ့ကြောင်း၊ ပြည်သူလူထုပါဝင်မှုဖြင့် သစ်ပင်(၁၂၀၀)ခန့် စိုက်ပျိုးထားပြီး အလှူရှင်များက ညမီးတိုင်(၄၆)တိုင်၊ အမိုးပါထိုင်ခုံရှည်(၂၅)ခုံ၊ အသေးစား ကစားကွင်း(၉)ခု နှင့် ကန်သာကန်ဆိုင်းဘုတ်အတွက် သာလှ မိသားစုက ငွေကျပ်သိန်း(၃၀) လှူဒါန်းမှုများ ရှိခဲ့ကြောင်း မကွေးမြို့နယ် စည်ပင်ကော်မတီ မှ သိရသည်။

ဇေယျတု(မကွေး)