ညောင်ရွှေ ၈ ဩဂုတ်
အင်းလေးကန်ဝန်းကျင်နှင့် ရေဝေရေလဲ ဒေသများတွင် ဩဂုတ်လ ပထမပတ်အတွင်း မိုးရွာသွန်းမှုများကြောင့် အင်းလေးကန်အတွင်း ရေမျက်နှာပြင် နှစ်ပေခန့် မြင့်တက်လာကြောင်း သိရသည်။
အင်းလေးကန်သည် ဧပြီလအတွင်း ကန်စပ်နေရာများတွင် ရေလျော့နည်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေလယ်၌ ရေအနက်ခြောက်ပေ ခုနစ်ပေခန့်၊ အဓိကရေလမ်းမကြီးများ၌ နှစ်ပေ သုံးပေခန့်ရှိရာမှ ယခုအခါ မိုးရွာသွန်းမှုများကြောင့် ယခင်ထက် နှစ်ပေခန့် မြင့်တက်လာကြောင်း၊ ယခုအချိန်တွင် အင်းလေးကန် အတွင်းစီးဝင်သည့် ချောင်းများအားလုံး ရေစီးဝင်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
အင်းလေးကန်အတွင်းသို့ ရေစီးဝင်သည့် အဓိကချောင်းမကြီး လေးချောင်းဖြစ်သည့် နမ့်လတ်ချောင်း၊ နယ်ခြား(ရေပယ်)ချောင်း၊ ကလော (သန်းတောင်)ချောင်း၊ အထက်ဘီလူးချောင်း အပါအဝင် ချောင်းပေါင်း ၂၉ ချောင်းရေစီးဝင်လျက်ရှိပြီး ရေဆင်း ဧရိယာ ၁၄၂၂ စတုရန်းမိုင်ရှိကြောင်း သိရသည်။
နေမျိုးသူရိန်


