လှည်းကူး ၈ သြဂုတ်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၃/၄)အနီးတွင် သြဂုတ် ၈ ရက် နံနက် ၃ နာရီခွဲခန့်က မန္တလာမင်းခရီးသည်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမြန်လမ်းမကြီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဉာဏ်နိုင်လင်း(၂၇)နှစ် မောင်းနှင်လာသော မန္တလာမင်း ခရီးသည်ယာဉ်သည် မိုင်တိုင်အမှတ်(၁၃/၄)အနီးတွင် ယာဉ်၏ ရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် ကပ်တုံး(၃၀)နှင့် တံတားအားကာရံထားသည့် GUARD POST (၅)တိုင်အား ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်တွင် တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဘန်ကာကျိုး၊ ယာဘက်ဘေးဘော်ဒီပိန်ချိုင့် ပျက်စီးသွားကြောင်း သိရသည်။
ထို့အပြင် ယာဉ်ပေါ်ပါရှိသူ(၂၂)ဦးအနက် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၅)ဦးအနက်မှ ဒေါ်ခင်အေးညို(၄၇)နှစ်တွင် ဒဏ်ရာများ ရရှိပြီး အတွင်းလူနာ(စိုးရိမ်ရ)နှင့် ကျန်(၄)ဦးတို့တွင် ဒဏ်ရာများရရှိကာ အတွင်းလူနာ(မစိုးရိမ်ရ)တို့ဖြင့် လှည်းကူးဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကို ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ဉာဏ်လင်းနိုင်အား လှည်းကူးမြို့နယ် အမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)