လိပ်သို ၈ သြဂုတ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ရောဂါကြိုတင်ကာကွယ်ဆေးများ ထိုးနှံရခြင်းမှာ မြို့အတွင်း တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ငန်းဖြင့် ဒေသခံပြည်သူများ မိသားစုဝင်ငွေ တိုးပွားကာ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေရန် ရည်ရွယ်၍ မြို့အတွင်း ကွင်းဆင်းထိုးနှံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

 

မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများ မွေးမြူထားရှိသည့် ကျွဲ၊ နွား တိရစ္ဆာန်များအား ရာသီအလိုက် ဖြစ်ပွားတတ်သည့် လည်ချောင်းကွဲ ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ် ဆေးများ ထိုးနှံပေးခြင်း မွေးမြူရေး လုပ်ငန်းဆိုင်ရာများ အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ ဒေါက်တာနော်ဂလယ်ဂေထူးက ပြောပြသည်။

 

ထို့ပြင် မိုးရာသီကာလတွင် ကျွဲ၊ နွား တိရစ္ဆာန် များတွင် ဖြစ်ပွား​လေ့ရှိသော လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အသိပေး အကြောင်းကြားထားပြီးဖြစ်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

နွယ်နွယ်ခိုင် (ပြန်/ဆက်)