ရေနံချောင်း ၈ ဩဂုတ်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စု ကံသာကျေးရွာမှ နေအိမ်သုံးလုံးနှင့် မိသားစုဝင်များကို ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွေ့ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် ၎င်းနေရာနှင့်နီးကပ်သည့် ကံသာကျေးရွာမှ နေအိမ်သုံးလုံးနှင့် မိသားစုဝင် ၁၆ ဦးကို ဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် မူလနေရာ၏တောင်ဘက် ပေ ၃၃၀ အကွာရှိ မြေလွတ်များသို့ ဩဂုတ် ၆ ရက်နေ့က ကြိုတင်ပြောင်းရွေ့ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ ကမ်းပြိုဘေးသင့် နေအိမ်များအား မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ တစ်သိန်းကျပ်နှင့် လူတစ်ဦးလျှင် တစ်ပတ်စာဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ ၂၁၀၀ ကျပ် စုစုပေါင်းထောက်ပံ့ငွေ ၃၃၃၆၀၀ ကျပ်ကို ယင်းနေ့က ချက်ချင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး