မကွေး   ၈  ဩဂုတ်    

   

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မကွေးမြို့နယ် မြင်းကင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ ဦးသက်လွင်က စီမံကိန်း လုပ်ငန်းနှင့်ပက်သက်ပြီး ရှင်းလင်းဆွေးနွေးပြောကြားကာ မကွေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း နှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် တာဝန်ရှိသူများက မကွေးမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဝင် ကျေးရွာ(၁၂)ရွာမှ စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် သန်း ၃၃၀ ကို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့သည်။ 

 

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ စီမံကိန်းဝင်ကျေးရွာများမှ လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်တင်တင်စိုး နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

မကွေးမြို့နယ်တွင် ကိုဗစ် - ၁၉ ကာလအတွင်း ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP)လုပ်ငန်းကို ကျေးရွာ(၉)ရွာတွင် စီမံကိန်းရန်ပုံငွေကျပ် တစ်ရွာလျှင် ငွေကျပ် သိန်း ၃၀၀ စီ  လည်းကောင်း၊ ကျေးရွာ(၃)ရွာတွင် ရန်ပုံငွေကျပ် သိန်း (၂၀၀)စီဖြင့် လည်းကောင်း ထောက်ပံ့၍ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှ သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)