ရေဦး ၈ ဩဂုတ်
သဘာဝရေပြင်ပတ်ဝန်းကျင်တွင် ငါးရှဉ့်မျိုးစိတ်များရှားပါးလာသဖြင့် မျိုးသုဉ်းမှုမှ ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသည် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ငါးရှဉ့်မျိုးစိတ် သယံဇာတတိုးပွားစေရေး မျိုးစိုက် ထည့်ခြင်း အခမ်းအနားကို ရေဦးမြို့နယ်၊ မူးမြစ်အတွင်း ဩဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ငါးရှဉ့်မျိုးစိတ်များအား ၅ စင်တီမီတာအောက် ငါးရှဉ့်များကို ဝယ်ယူစုဆောင်းသည့် (ငါးရှဉ့်)ဒိုင်များမှ ရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန် တားမြစ်ပညာပေးနိုင်ခဲ့သည့်အတွက် ဝယ်/စု (ငါးရှဉ့်)ဒိုင်များ လှူဒါန်းသည့် (5cm)အောက်အရွယ် ငါးရှဉ့်ငယ် ပိဿာချိန် (၁၀၀) အား မျိုးစိုက်ထည့်ခဲ့သည်။ အဆိုပါ ငါးရှဉ့်မျိုးစိတ်များ မျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးအောင်သန်းဦး၊ ရေဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဇနီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝယ်/စု (ငါးရှဉ့်)ဒိုင်များမှ လုပ်ငန်းရှင်များနှင့် ရေဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးမင့်နိုင်နှင့် ဝန်ထမ်းများမှ တက်ရောက် မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်