နယူးဒေလီ ၉ သြဂုတ်
အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် ကိုဇီကိုဒီလေဆိပ်၌ Air India Express လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ယမန်နေ့က ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ရာ ၁၈ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမှ အိန္ဒိယ နိုင်ငံ ကီရာလာပြည်နယ်သို့ ပျံသန်းလာသော Air India Express လေကြောင်းလိုင်းမှ ခရီးသည် ၁၉၀ လိုက်ပါ လာသည့် လေယာဉ်မှာ လေဆိပ်သို့ဆင်းသက်ရာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြေးလမ်းချော်မှုဖြစ်ပွား ကာ ၃၅ ပေနက်သော ချိုင့်ဝှမ်းတစ်ခုအတွင်း ထိုးကျခဲ့၍ လေယာဉ် နှစ်ပိုင်းပြတ်သွားခြင်းကြောင့် ၁၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများ တွင် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးလည်း ပါဝင်ခဲ့သည်။ အဆိုပါဖြစ်ပွားရာသို့ ပြည်ပနှင့် လွှတ်တော်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗွီမူရာလီဒါရန်း သည် ဒေလီမြို့တော်မှ ကိုဇီကိုဒီလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
ထို့အတူ ကီရာလာပြည်နယ် အုပ်ချုပ်ရေးမှူး အရစ်ဖ် မိုဟာမက်ခန်းနှင့် ပြည်နယ်ဝန်ကြီချုပ် ပီနာရာရီဗီဂျာရန်း တို့လည်း ယနေ့နံနက်ပိုင်းတွင် လေယာဉ်မတော်တဆမှု ဖြစ်ရာ နေရာသို့ ရောက်ရှိခဲ့သည်။ ခရီးသည်များနှင့် ၎င်းတို့ ၏ မိသားစုဝင်များကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရန် ဒေလီနှင့် မွမ်ဘိုင်းမှ အထူးကယ်ဆယ်ရေး လေယာဉ် နှစ်စင်း စီစဉ်ပေးခဲ့သည်။ အရေးပေါ်အခြေအနေ တုံ့ပြန်ရေးရုံးမှ ညွှန်ကြားရေးမှူးက ထိရောက်သော အရေးပေါ်အခြေအနေ တုံ့ပြန်မှုဆောင်ရွက်ရန် ကိုဇီကိုဒီ၊ မွမ်ဘိုင်းနှင့် ဒေလီတို့မှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။
လေယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးဗျူရိုနှင့် သက်ဆိုင်ရာ ဌာနများကလည်း အခင်းဖြစ်ပွားရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း Air India Express လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား - ပီတီအိုင်၊ ဘာသာပြန် - ကျော်ထိုက်စိုး