ပန်းတနော် ၉ သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စုနှင့် ကဿဝင်ကျေးရွာအုပ်စုတို့တွင်  ဧရာဝတီမြစ် ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃၄)စုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ဒေါင့်ကြီးကျေးရွာ ရတနာသီရိ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့်  ပြည်သူများ၏ ကျန်းမာရေး၊ စားဝတ် နေရေးလိုအပ်ချက်များကို တတ်နိုင်သမျှအဆင်ပြေအောင် ဆောင်ရွက်ပေးနေကြောင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်(၅၀၀၀၀)နှုန်းဖြင့် ရေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုများကိုယ်စား ရပ်မိရပ်ဖ ဦးမြင့်ဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အေးချမ်းအောင်၊ပြည့်ဖြိုးကျော်(ပြန်/ဆက်)