အင်းတော် ၉ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နမီးကျေးရွာအုပ်စု၊ နမီးချောင်းတွင် ဩဂုတ်လ ၈ရက် နံနက် ၆နာရီခွဲခန့်က ချောင်း၏အထက်ပိုင်းဖြစ်သည့် ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ စပါးစိုက်လယ်(၁၉.၇၀)ဧကနှင့် တံတား(၂)စင်းထိခိုက် ပျက်စီးခဲ့ကြောင်း မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောကြားသည်။

 

အဆိုပါရေကြီးရေလျှံမှုကြောင့် နမီးကျေးရွာအုပ်စု နမီးကျေးရွာ ကွင်းအမှတ် (၄၉၉/၄၄၇)ရှိတောင်သူ(၁၄)ဦး၏ စပါးစိုက်ဧက(၈.၂၀)ဧက၊ လေဘိုကျေးရွာ ကွင်းအမှတ်(oss)ရှိ တောင်သူ(၈)ဦး၏ စပါးစိုက်ဧက(၁၁.၅ဝ)ဧက စုစုပေါင်းတောင်သူ(၂၂)ဦးတို့၏ စပါးစိုက်လယ် (၁၉.၇၀)ဧကမှာ ရေလွှမ်းပျက်စီးခဲ့သည်။ အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စုတွင် လေးတန်ချောင်း ရေကြီးရေလျှံမှုကြောင့် လေးတန်ချောင်းနှင့် နန့်စီးအောင်ချောင်း ဆုံရာတွင် ချောင်းကမ်းပါး ပြိုကျခဲ့သဖြင့် ချောင်းအနီးရှိ နေအိမ်အား ဒေသခံများက ဘေးလွတ်ရာသို့ ဝိုင်းဝန်းရွေ့ ပြောင်းခဲ့ရသည်။ အလားတူနမီးချောင်းရေကြီးရေလျှံမှုကြောင့် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားသော နားဖာ-ဆားမှော် ကျေးရွာချင်းဆက်ချောင်းကူးတံတား အရှည်ပေ ၂၂၀၊ အကျယ် ၁၂ပေ၊ အမြင့်၃၅ပေ (၂၂၀'×၁၂'×၃၅')ရှိ သစ်သားတံတား(၁)စင်းမှာ ရေထဲသို့မျောပါခဲ့ပြီး ကာလတန်ဖိုးသိန်း(၁၈၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နမီးကျေးရွာအုပ်စု မြစိမ်းရောင်ရန်ပုံငွေမှ အတိုးရစုဆောင်းငွေကျပ်(၇၄)သိန်း ဒေသခံပြည်သူများထည့်ဝင်ငွေကျပ် (၄၇၆)သိန်းဖြင့်ဆောက်လုပ်ထားသည့် နမီး-ကွင်းငို့ ကျေးရွာချင်းဆက် (၁၇၀'×၁၃'×၃၅')အရှည်ရှိသော အုတ်ခံပျဉ်ခင်းတံတား (ငြိမ်းချမ်းရေး စုပေါင်းညီညာတံတား)မှာ ရေထဲသို့ ပေ(၁၄၀)ခန့် မျောပါခဲ့သဖြင့် ငွေကျပ်သိန်း(၅၅၀)ခန့် ဆုံးရှုံးခဲ့ရကြောင်း မော်လူးမြိုအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းလင်းက ဆက်လက်ပြောကြားသည်။

 

ရေကြီးရေလျှံမှုကြောင့် ရေလွှမ်းပျက်စီးမှု ဖြစ်ပွါးရာနေရာများသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးသိန်းတန်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဆွေအေးနှင့်အဖွဲ့၊ မော်လူးမြို့ အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းလင်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှမျိုးလွင်နှင့်အဖွဲ့တို့က ကွင်းဆင်း၍ ပျက်စီးသွားသော လယ်ဧကစာရင်းများကို ကောက်ယူခြင်း၊ မျောပါသွားသော တံတားအပိုင်းများအား ညောင်ပင်ဆိပ်ကျေးရွာတွင်ဆယ်ယူခြင်း၊ နေအိမ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

နီတိုး