ပွင့်ဖြူ ၉ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဩဂုတ် ၈ ရက် နံနက် ၇ နာရီက ပွင့်ဖြူမြို့မရဲစခန်းသို့ သွားရောက်ပြီး တပ်ဖွဲ့ဝင်များကို ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar Fitness Dance လေ့ကျင့်ကစားနည်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားနည်းစနစ်များကို လက်တွေ့သရုပ်ပြ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်းများ လေ့ကျင့်သင်ကြားပေးရာတွင် ရှေးဦးစွာ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က အားကစားလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အားကစားလေ့ကျင့်ခန်း ပြုလုပ်ရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့ရဲစခန်းရှိ အရာရှိနှင့် တပ်ဖွဲ့ဝင်များကို Myanmar Fitness Dance လေ့ကျင့်ကစားနည်းနှင့် သွေးပူလေ့ကျင့်ခန်းအတွဲ(၁၊ ၂) ကိုယ်လက်လှုပ်ရှား အားကစားနည်းစနစ်များကို စနစ်တကျ လက်တွေ့သရုပ်ပြ လေ့ကျင့်သင်ကြားပေးရာ တပ်ဖွဲ့ဝင်များက စိတ်ဝင်တစား လေ့ကျင့်သင်ကြားခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် လေ့ကျင့်သင်ကြားပေးခြင်းကို ပွင့်ဖြူမြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဝန်ထမ်းများကို သွားရောက်လေ့ကျင့် သင်ကြားပေးပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက်လည်း ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး ဘော်လီဘော နှင့် ပိုက်ကျော်ခြင်း ကစားကွင်းများကို ဖော်ဆောင်ပေးကာ လိုအပ်သောအားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)