လားရှိုး ၉ ဩဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ(၆)ရက်မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ် (၉)ရက်တွင် အမျိုးသား (၃၃)ဦး၊ အမျိုးသမီး (၁၉)ဦး စုစုပေါင်း (၅၂ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန် ပြည်သူ (၅၂)ဦး တို့တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၃)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၉)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၁၃)ဦး၊ နေပြည်တော်မှ(၁)ဦး၊ ရခိုင်ပြည်နယ်မှ(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၅)ဦး တို့ဖြစ်သည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာတွင် ဩဂုတ်(၉)ရက်အထိ နေရပ်ပြန်သူ အမျိုးသား(၈၈၇၃)ဦး၊ အမျိုးသမီး (၅၅၄၇)ဦး စုစုပေါင်း (၁၄၄၂၀)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)