ကန့်ဘလူ ၉ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်နေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့်စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများစတင် ဆောင်ရွက်နေသော ပင့်သာကြီးကျေးရွာအုပ်စု ပိတောက်ပင်ကျေးရွာသို့ ယနေ့ နံနက် ၉ နာရီ က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဟန်ထွန်းအောင် နှင့်ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ စီမံကိန်းဖြင့် ပိတောက်ပင်ကျေးရွာ၌ အရှည်ပေ ၃၂၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကျေးရွာတွင်း လမ်းခင်းခြင်း၊ အရှည်ပေ ၃၂၀၀၊ အနံ ၁ ပေ ၆ လက်မ၊ အနက် ၁ ပေ ၆ လက်မရှိ ကျေးရွာတွင်း ရေမြောင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို  မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက ကြီးကြပ်ခဲ့ခြင်းဖြစ်သည်။

 

Cash For Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းမှုနှင့်စီးပွားရေးအခက်အခဲများကို ကုးစားပေးနိုင်ရေးအတွက် ကျေးရွာတွင်လိုအပ်သည့်  ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာပြည်သူလူထု ကိုယ်တိုင် ရွေးချယ်လုပ်ဆောင်ကာ ချက်ချင်းလုပ်အားခပေးချေမှု စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း (ကန့်ဘလူ)