တာချီလိတ် ၉ ဩဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့က မိုးကုတ်တရားဓမ္မရိပ်သာ ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်းတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ခြင်းဖြစ်ပြီး မိုးကုတ်ရိပ်သာတွင်(Quaratine)ဝင်နေသည့် ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာကြသော နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားဉီးရေ(၇၀)ကို ထောက်ပံ့ပေးခြင်းဖြစ်သည်။

 

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဇူလိုင် ၂၀ ရက်က တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ မှ ပြန်လည်ဝင်ရောက်လာခဲ့ကြရာ နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲရလဒ်အဖြေကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် နေရပ်ပြန်များအား ကိုဗစ်-၁၉နှင့်ပတ်သက်၍ ကာကွယ်ရေးနည်းလမ်းများ ပြသခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းများကိုပြုလုပ်ခဲ့ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသော စောင်နှင့်ခြင်ထောင်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဘမိုးမြင့်နှင့်မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဉာဏ်မြင့်ဦးတို့က ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ယာဆေး (ပြန်/ဆက်)

 

mdn