ရန်ကုန် ၉ သြဂုတ်
    

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး)၏ စီစဉ်ကြီးကြပ်မှု နှင့် ဧည့်လမ်းညွှန်များအသင်း တို့ ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်အတွင်းရှိ အနှေးယာဉ်ဆိုက်ကားသမားများနှင့် ဈေးသည်များအတွက် COVID-19 Relief Package(1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၈ ရက် နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံး) ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက “ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလမှာ တစ်ကမ္ဘာလုံးက စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေသလို မြန်မာနိုင်ငံမှာလည်း စီးပွားရေးအထိုက်အလျောက်ကျဆင်းနေရပါတယ်၊ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက် အောင်မြင်ရန် အခြေခံကောင်းဖြစ်ဖို့၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ခရီးသွားနဲ့ ပတ်သက်တဲ့ အခြေခံ အသိပညာတွေသိရှိဖို့အတွက် ခရီးသွားလုပ်ငန်း(အခြေခံ) သင်တန်းကို ဒလမြို့နယ်မှာရှိတဲ့ အနှေးယာဉ် လုပ်သားတွေ၊ ဈေးသည်တွေကို သင်တန်းပို့ချပေးခြင်းဖြစ်ပါတယ်၊ ဒလဘက်ကမ်းကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေကို စနစ်တကျ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်၊ ဒလမြို့နယ်မှာရှိတဲ့ လှည့်လည် ပြသမယ့် နေရာတွေ၊ လူနေထိုင်မှုဘဝပုံစံတွေ၊ ဖွံ့ဖြိုးတိုးတက်တဲ့ နေရာလေးတွေကို ပြသခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုတွေကို အထောက်အကူပြုမှာဖြစ်ပါတယ်၊ ခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်ရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါတယ် ” ဟု သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။


အဆိုပါ COVID-19 Relief Package(I) ခရီးသွားလုပ်ငန်း(အခြေခံ) သင်တန်းသို့ ဒလမြို့နယ်ရှိ ဒေသခံ အနှေးယာဉ်ဆိုက်ကားသမား (၁၆)ဦး နှင့် ဈေးသည်(၄)ဦး၊ စုစုပေါင်း သင်တန်းသား ၂၀ ဦး ပါဝင်တက်ရောက်ကြပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော လမ်းညွှန်ချက်များနှင့်အညီ ၈.၈.၂၀၂၀ ရက်နေ့မှ ၃၀.၈.၂၀၂၀ ရက်နေ့ထိ  အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင်  ဖွင့်လှစ်သွားမည်ဖြစ်သည်။ 
    

သင်တန်းကာလအတွင်း အခြေခံအင်္ဂလိပ်ဘာသာစကား၊ ဂျာမန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ကိုရီးယားနှင့်တရုတ် စသည့် ဘာသာစကားများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံဗဟုသုတများ၊ ဝန်ဆောင်မှုပေးရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ ခရီးသွားဧည့်သည်များ၏ အလေ့အထ သဘာဝယဉ်ကျေးမှုများ၊ ခရီးသွားများနှင့် စကားပြောဆိုဆက်ဆံခြင်း၊  အနှေးယာဉ်နှင့် ဈေးသည်များဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း စသည့် ဘာသာရပ်များကို  ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
                                             

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)