နေပြည်တော် ၉ သြဂုတ်
ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများမှ ဝန်ထမ်းများသည် သက်ဆိုင်ရာ ဒေသများမှ ဒေသခံပြည်သူများ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အများပြည်သူရုံးပိတ်ရက်များပါမကျန် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဇေယျတုမင်္ဂလာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းတို့က သွားရောက်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု၊ မဲစာရင်းများမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူတစ်ဦးချင်း လက်ဝယ်သို့ အသီးသီးပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများက ဒေသခံပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် စာရွက်စာတမ်းများ ဖြည့်သွင်းပြုစု ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့ နယ် (၁၂) ရပ်ကွက်ရှိ မာဃဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက် ထုတ်ပေးနေမှုများကို ကြည့်ရှုအားပေး၍ ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူတစ်ဦးချင်းလက်ဝယ်သို့ ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လက်ငင်း လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်မှုအဖြစ် သစ္စာစီမံချက်ရေးဆွဲကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ထုတ်ပေးခဲ့မှု၊ ယခုအခါ အထွေထွေရွေးကောက် ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်ရရှိစေရေးအတွက် လိုအပ်သည့် မှတ်ပုံတင်ကတ် ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က မဲစာရင်းပြုစုထုတ်ပြန်မှုနှင့် မဲစာရင်းများတွင် မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုး၏ အမှတ်များဖော်ပြရန် ကျန်ရှိနေသည့်စာရင်းများအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိဌာနဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား ဂရုပြုထိန်းသိမ်း ကိုင်တွယ်ဆောင်ရွက်ရေးနှင့် မဲစာရင်းတွင် အမည်စာရင်းပါရှိပြီး မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုးမရှိသော်လည်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်သွားရမည့် အစီအမံများ၊ မိမိဌာန လုပ်ငန်းဆောင်ရွက်မှုများသည် ပြည်သူ့အကျိုးအတွက်ဖြစ်သည်နှင့်အညီ ပြည်သူများအားလုံးက ဝိုင်းဝန်း ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ရန်ကုန်တိုင်းဒေသကြီး အတွင်း မဲစာရင်းများ ပြုစုထုတ်ပြန်ထားရှိမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းထုတ်ပေးဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝန်ထမ်းများက ဒေသခံပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် စာရွက်စာတမ်းများ ဖြည့်သွင်းဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများ၏ လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယနေ့တွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည့် မရမ်းကုန်းမြို့နယ်၌ အသက် (၁၀)နှစ်မှ (၁၈)နှစ်ပြည့်သူ (၇၈)ဦး၊ ပျောက်ဆုံး/ပျက်စီး၊ မိတ္တူ လျှောက်ထားသူ (၁၉) ဦး၊ အသက် (၁၈)နှစ် ပြည့်လျှောက်ထားသူ (၆၀) စုစုပေါင်း (၁၅၇)ဦးကို လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၌ အသက် (၁၀)နှစ် မှ (၁၈)နှစ်ပြည့်သူ (၃၀)၊ ပျောက်ဆုံး/ပျက်စီး၊ မိတ္တူလျှောက်ထားသူ (၇၀)၊ အသက်(၁၈)နှစ်ပြည့် လျှောက်ထားသူ(၂၀) စုစုပေါင်း(၁၂၀)ကို လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီး ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
