ရန်ကုန်  ၉  ဩဂုတ်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ နံနက်ပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ သွားရောက်ခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ အားပေးချီးကျူးစကား ပြောကြားခဲ့သည်။

 

ထို့နောက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၊ အစည်းအဝေးခန်းမ၌ ဒုတိယ ညွှန်ကြားရေး မှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများ၊ အထွေထွေကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြရာ ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသန ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)နှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့တွင် ဆောင်ရွက်နေမှု၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် ဓာတ်ခွဲစစ်ဆေးမှုများအတွက် ဓာတ်ခွဲစက်ပစ္စည်း ကိရိယာများ၊ ဓာတ်ခွဲပစ္စည်းများ၊ ဆက်စပ်ပစ္စည်းကိရိယာများ၊ ဓာတ်ခွဲခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိခဲ့မှု၊ ဩဂုတ် ၇ ရက်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ နမူနာပေါင်း (၁၃၀,၀၀၀) ကျော်ကို စစ်ဆေးပြီးစီးခဲ့မှု။

 

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)နှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(လားရှိုး) တို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေမှု၊ ယခုဩဂုတ်လအတွင်း ခရိုင်မြို့ (၂၆) ခု၌ GeneXpert စက်များအသုံးပြုကာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရေးအတွက် "ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခြင်း စွမ်းဆောင်ရည် တိုးချဲ့မှု" အစီအစဉ်အား ရေးဆွဲထားရှိမှု၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့်အညီ ဖွဲ့စည်းပုံတိုးချဲ့ရန်ကိစ္စ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ဘက်တီး ရီးယားဗေဒဌာန၊ ဗိုင်းရပ်စ်ဗေဒဌာန၊ ကပ်ပါးဗေဒဌာန၊ သွေးရည်ကြည်ဗေဒဌာန၊ ရောဂါရှာဖွေမှုဌာန၊ ရောဂါပြီးဗေဒဌာနနှင့် မှိုဗေဒဌာနတို့တွင် ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ၊ ဌာနအသီးသီးတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဓာတ်ခွဲမှုဆိုင်ရာ သင်တန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန များ၏  အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းသဖြင့်သာ ဤရောဂါကို ယခုအခြေအနေအထိ ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့သည် ဤပုံစံဖြင့် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် နိုင်ငံနှင့် ဝန်ကြီးဌာနတို့၏ အဓိက ကျန်းမာရေးဓာတ်ခွဲဌာနကြီး ဖြစ်သည့်အပြင် အခြား မြောက်များစွာသော ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုများကြောင့် ဖြစ်ပွားသော ရောဂါများကို ဖော်ထုတ်ခြင်း၊ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းဆောင်တာများ ကောင်း/မကောင်း စစ်ဆေးခြင်းတို့အပါအဝင် လုပ်ငန်းတာဝန်များလည်းများပြားသဖြင့် ဖွဲ့စည်းပုံကို အမြန်ဆုံးတိုးချဲ့ပေးမည် ဖြစ်ပါကြောင်း။

 

ယခုအခါ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)၏ လုပ်ငန်းပမာဏသည် မထင်မှတ်ဘဲ အထူးများပြားလာပါသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်ရာ၌ အဆင်ပြေမှုရှိစေရန် ဝန်ကြီးဌာနအနေဖြင့် ဘက်စုံရှုထောင့်မှ သုံးသပ်ကာ အမြန်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊  French Development Agency (AFD) ၏ ပံ့ပိုးမှုနှင့် ချေးငွေတို့ဖြင့် ဆောင်ရွက်နေသည့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဇီဝလုံခြုံမှုအဆင့် - ၃ (Biosafety level – 3) ရှိ ဓာတ်ခွဲခန်းတည် ဆောက်မှုအပါအဝင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော အချိန်အတွင်းပြီးမြောက်ရန် ဆောင်ရွက်စေလိုပါကြောင်း၊ ဆရာဝန်များ၏ ရောဂါကုသမှု ပိုမိုထိရောက်မှန်ကန်စေရန်မှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ အဖြေများ အပေါ်မှုတည်နေသဖြင့် အရည်အသွေးပြည့်ဝမှုကို အမြဲတမ်း ဆန်းစစ်သုံးသပ်နေရမည်ဖြစ်ပါကြောင်း။

 

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော အမျိုးသားအဆင့် တုပ်ကွေးဗိုင်းရပ်စ်ဓာတ်ခွဲခန်း၊ ဝက်သက်နှင့် ဂျိုက်သိုးဗိုင်းရပ်စ်ဓာတ်ခွဲခန်းနှင့် ပိုလီယို ဗိုင်းရပ်စ်ဓာတ်ခွဲခန်းများလည်း ရှိသည့်အတွက် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍအတွက် အလွန်အရေးကြီးသည့် ဌာနကြီးဖြစ်သောကြောင့် ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရှင်းလင်းတိကျစွာ တင်ပြရှင်းလင်းမှုများသည်မှာ ကောင်းမွန်ပြီး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ ဦးစားပေးသတ်မှတ် ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)