ရွှေဘို ၉ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ယနေ့ မွန်းတည့် ၁၂ နာရီက ရွှေဘိုမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ် သံပရာခြံကျေးရွာနှင့် ထူးကြီးကျေးရွာတို့မှ ကျောင်းထိုင်ဆရာတော် များကို ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျေးရွာပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်ကာ သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရန် ရွာလုံးကျွတ် ခြင်ဆေးဖျန်းရန်အတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာနှင့် ဆင်အင်းကျေးရွာတို့ရှိ အခြေခံပညာ အထက်တန်ကျောင်းများသို့ ရောက်ရှိပြီး ကျောင်းအတွက်လိုအပ်သော စက်ဘီးများလှူဒါန်းပေးနိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဆိပ်ခွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး ကျေးရွာလျှပ်စစ်မီးပြည့်ဝစွာရရှိရေး ထရန်စဖော်မာတစ်လုံး ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဆင်အင်းကျေးရွာ တိုက်နယ်ခွဲဆေးရုံအတွက် အလားတူ ထရန်စဖော်မာတစ်လုံး ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆင်အင်း-ညောင်ပင်သာ (၅)မိုင်ခန့် ကျောက်ချောလမ်းအား အဆင့်မြှင့်တင် ကွန်ကရစ်လမ်းခင်းပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)