မိုင်းယု  ၁၀  ဩဂုတ်

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယုမြို့တွင် မိုးအစေ့ထုတ်ပြောင်းများကို စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

 

မိုင်းယုမြို့ရှိ ဒေသခံတောင်သူများမှာ ပြောင်းကို တန်ခူးလဆန်းပိုင်း(သင်္ကြန်မိုးဦး) ကျသည်နှင့် စတင်စိုက်ပျိုးကြပြီး ယခုနှစ်  အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် ငမြှောင်တောင်ပိုးကျရောက်မှုမရှိသဖြင့် ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ အထွက်နှုန်းများနိုင်ကြောင်း၊ မျိုးများမှာ Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများဖြစ်ပြီး ၎င်းမျိုးများမှာ ဖူးတံရှည်ကာ အဖူးထွက်လုံသည့်အတွက် မိုးကာလတွင်စိုက်ပျိုးပါက မိုးဒဏ်ခံနိုင်ပြီး အထွက်နှုန်းပိုကောင်း၍ တောင်သူများ ကြိုက်နှစ်သက်သည့် ပြောင်းမျိုးစေ့များဖြစ်ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးမြတ်စေမင်းက ပြောသည်။

 

အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီဟူ၍ တစ်နှစ်လျှင် နှစ်ရာသီသာ စိုက်ပျိုးလျက်ရှိပြီး သင်္ကြန်မိုးဦးတွင် စိုက်ပျိုးထားကြသည့် အစေ့ထုတ်ပြောင်းများကို ယခု ဒေသခံတောင်သူများ စတင်ဆွတ်ခူးရိတ်သိမ်းနေကြပြီ ဖြစ်ကြောင်း၊ ယခင်နှစ် မိုင်းယုဒေသ၌ မိုးအစေ့ထုတ်ပြောင်းကို (၂၂၅၇) ဧကစိုက်ပျိုးထားကာ တစ်ဧကလျှင် ၈၂  တင်းခန့်ထွက်ရှိရန်နှင့် မိုးအစေ့ထုတ်ပြောင်း အခြောက် တစ်ကီလိုလျှင် ငွေကျပ် ၄၀၀ ထိရရှိနိုင်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါ အစေ့ထုတ်ပြောင်းများကို ပြည်တွင်း၌သာမက ပြည်ပသို့ တင်ပို့ရောင်းချရာတွင်လည်း မိသားစုဝင်ငွေ ပိုမိုရရှိစေ၍ နိုင်ငံတော်နှင့် တောင်သူများအတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင့် မိုးအစေ့ထုတ်ပြောင်းများကို များစွာစိုက်ပျိုးနေလျက်ရှိပြီး မိုင်းယုဒေသတွင် မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးမှုမှာ ယခုနှစ်ထက် ပိုမို အောင်မြင်လျက်ရှိကြောင်း သိရသည်။ 

 

ကိုကိုနိုင်(ပြန်/ဆက်)