ညောင်ဦး ၁၀ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကပ်ထားသည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံများသို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များမှ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံများသို့ သွားရောက်၍ အဖွဲ့ခွဲရုံးတွင် မဲစာရင်းတစ်စုံ သီးခြားလက်ခံရရှိထားခြင်း ရှိ မရှိ၊ မဲရုံအလိုက် ပုံစံ(၁)နှင့် ပုံစံ(၁-က) များကို ပြည်စုံစွာကပ်ထားကြေညာခြင်း ရှိ မရှိ၊ မဲဆန္ဒရှင်စာရင်းအား အများပြည်သူကြည့်ရှုရန် အဆင်ပြေ သင့်လျော်သည့်နေရာတွင် ကပ်ထားကြေညာခြင်းရှိ မရှိ၊ နေ့စဉ်အဖွဲ့ဝင်သုံးဦးစီ တာဝန်ချထားခြင်းရှိ မရှိ၊ မဲဆန္ဒရှင် စာရင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများအတွက် သက်ဆိုင်သော ပုစံ(၃)၊ (၄)နှင့် (၄-ဂ) များ ပြည့်စုံလုံလောက်စွာ ရရှိထားခြင်းရှိမရှိနှင့် ရှိပါက ပုံစံများလက်ခံ၍ စာရင်းပြုစုထားခြင်း ရှိမရှိစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


