၁၀ ဩဂုတ်

 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က ပေါက်ကွဲမှုကြောင့် သတင်းနဲ့ပြန်ကြားရေးဝန်ကြီးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးတို့နဲ့အတူ အနည်းဆုံး လွှတ်တော်အမတ် ၆ ဦး နုတ်ထွက်ကြောင်း သိရပါတယ်။

 

ဩဂုတ်၄ ရက်နေ့ က ပေါက်ကွဲခဲ့တဲ့ ဘေရွတ်မြို့က ပေါက်ကွဲမှုအတွင်းမှာ အနည်းဆုံး ၁၅၈ ဦး သေဆုံးပြီး ၆,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သလို မြို့တော်ကို ပျက်စီးဆုံးရှုံးမှု ဖြစ်စေ ခဲ့ပါတယ်။

 

သတင်းနဲ့ပြန်ကြားရေးဝန်ကြီး မာနယ် အက်ဒဲ ဆာမတ်က  ဘေရွတ်မြို့က အကြီးအကျယ် ပေါက်ကွဲမှုအပြီးမှာ အစိုးရအဖွဲ့အဝင်အဖြစ်က ပထမဦးဆုံး ဝန်ကြီး ဖြစ်ပါတယ်။  တစ်ချိန်တည်းမှာ ပြည်သူသားတွေကိုအခုလို ဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ သူမရဲ့ နုတ်ထွက်စာမှာ ရေးသားထားပြီး တနင်္ဂနွေနေ့က နုတ်ထွက်ခဲ့ပါတယ်။

 

တနင်္ဂနွေနေ့မှာပဲ နောက်ထပ်ဝန်ကြီးတစ်ယောက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ဒါမိန်းနို ကတ်တာ လည်း အခွင့်အရေးတွေရှိခဲ့ပေမယ့် မစွမ်းဆောင်နိုင်တဲ့ အစိုးရအဖွဲ့အပေါ်မှာ မျှော်လင့်ချက်မရှိတော့တဲ့အတွက် နုတ်ထွက်တာလို့ ပြောပါတယ်။

 

ပေါက်ကွဲမှု အပြီးမှာ လွှတ်တော်အမတ် အနည်းဆုံး ၆ ဦးကလည်း နုတ်ထွက်ကြောင်း သိရပါတယ်။

 

လက်ဘနွန်နိုင်ငံရဲ့ မာရွန်နိုက် ခရစ်ယာန်ဘုရားကျောင်းရဲ့ အကြီးအကဲ ဘတ်ချ်ဟာရာ ရိုင် က ဩဂုတ် ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ တာဝန်ရှိတဲ့ အစိုးရအဖွဲ့ နုတ်ထွက်ပေးရန်တောင်းဆိုပြီး အခုဖြစ်စဉ်ဟာ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ပြောဆိုပါတယ်။  ဒါ့အပြင် ရိုင်က နိုင်ငံတကာခေါင်းဆောင်တွေ နည်းတူ အခုဖြစ်စဉ်ကို လွတ်လပ်စွာ စုံစမ်းခွင့်ပြုရန် တောင်းဆိုပါတယ်။

 

ရာချီတဲ့ လက်ဘနွန်နိုင်ငံသားတွေ အာဇာနည်ရင်ပြင်မှာ စုရုံးပြီး ဆန္ဒပြနေကြရာ အသက် ၂၃ နှစ်အရွယ်ဆန္ဒပြနေသူ တာမာရာက နိုင်ငံအတွက် အသက်ပေးခဲ့ရသူတွေ ရှိပေမယ့် အစိုးရကတော့ အာဏာနဲ့ ငွေကလွဲပြီး ဘာမှအလေးမထားကြောင်း ပြောပါတယ်။ တာမာရာရဲ့ သူငယ်ချင်း အသက် ၂၀ အရွယ် ရာဝမ်ဟာ ပေါက်ကွဲမှုအတွင်းမှာ သေဆုံးခဲ့ပါတယ်။ 

 

အာဇာနည်ရင်ပြင်ဟာ ပေါက်ကွဲတဲ့နေရာအနီးမှာ တည်ရှိကြောင်း သိရပါတယ်။

 

ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖောက်ကွဲပြီး လူစုခွဲဖို့ ကြိုးစားကြောင်း နဲ့ ဆန္ဒပြတဲ့သူတွေက ကျောက်တုံးတွေ ပြန်လည်ပစ်ခတ်ကြောင်း၊ ဆန္ဒပြသူအများစုဟာ ခမောက်အမာတွေ ဆောင်းထားသလို ဓါတ်ငွေ့ ဒဏ်ခံနိုင်တဲ့ မျက်နှာဖုံးတွေဝတ်ဆင် ထားကြောင်း၊ တချို့ကတော့ လက်လုပ် ဒိုင်းတွေနဲ့ အကာအကွယ်ယူပြီး ရဲတပ်ဖွဲ့ပစ်ခတ်တဲ့ မျက်ရည်ယိုဗုံးတွေကို ပြေးကောက်ပြီး ရဲတပ်ဖွဲ့တွေကို ပြန်လည် ပစ်ခတ်တာတွေကို တွေ့ရှိကြောင်း AFP သတင်းထောက် တစ်ယောက်က ပြောပါတယ်။

 

MDN

ကိုးကား- AFP