ဒီးမော့ဆို ၁၀ ဩဂုတ်
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (Economic Relife Plan-CERP) Action Plan အရ ဒီးမော့ဆိုမြို့နယ် ဖောင်းတောကျေးရွာရှိ ငါးမွေးတောင်သူ ၁၉ ဦးအား ယနေ့ နံနက် ၉ နာရီက ငါးသားပေါက်ကောင်ရေ ၂၃၀၃၀၀ ကို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို က ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းများ၊ အခက်အခဲများအား လျော့ပါးသက်သာလာစေရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်အတွက် ယခုလို ငါးသားပေါက်များ ပံ့ပိုးပေးအပ်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်း ငါးမွေးတောင်သူများအား တည်နေရာလိုက် ဖွဲ့စည်းထားသော အစုအဖွဲ့ ၁၂ ဖွဲ့ကို ငါးသားပေါက်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညွန့်ဝင်း က ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငါးမွေးကန်လိုင်စင်ရယူခဲ့သော ငါးမွေးတောင်သူ ၁၆၄ ဦး၊ ငါးမွေးကန် ၈၉၄ ဒသမ ၁၆ ဧကအတွက် တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ဒေသခံများ ကြိုက်နှစ်သက်သော ငါးမျိုးစိတ်များဖြစ်စေရေး ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညှိနှိုင်း၍ ပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖောင်းတောကျေးရွာမှ ငါးမွေးတောင်သူ ၁၉ ဦး၊ ငါးမွေးကန် ၁၁၅ ဒသမ ၁၅ ဧကအတွက် ငါးမြစ်ချင်း ၁၂၆၆၆၅ ကောင်၊ ငါးခုံးမကြီး ၆၉၀၉၀ ကောင်၊ ရွှေဝါငါးကြင်း ၁၁၅၁၅ ကောင်နှင့် မြက်စားငါးကြင်း ၂၃၀၃၀ ကောင် စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၃၀၃၀၀ ကို ပေးအပ်ရာ ငါးမွေးတောင်သူများက လက်ခံရယူကြကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)