မန္တလေး ၁၀ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက ပျော်ဘွယ်မြို့နယ်ရှိ အခြေခံပညာကျောင်း ၄ ကျောင်းမှ လိုအပ်ချက်ရှိသည့် ကျောင်းသား ကျောင်းသူများအတွက် စက်ဘီး အစီး ၅၀၀ လှူဒါန်းခြင်းကို ဩဂုတ် ၈ ရက်က သက်ဆိုင်ရာကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာ ယုယုမေက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စက်ဘီးများလှူဒါန်းပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် မြို့နယ်အမျိုးသမီးကော်မတီအတွက် Mask နှင့် လက်သန့် ဆေးရည်များ၊ ကြို့ကုန်းအထကအတွက် Mask နှင့် လက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်းခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အနေဖြင့် စက်ဘီးအစီးရေ ၁၀၀၀ ကျော် လှူဒါန်းလျက်ရှိရာ အဆိုပါ အစီအစဉ်ကို စိတ်ဝင်စားကာ လှူဒါန်းလိုသည့်အလှူရှင်များ ဆက်သွယ်လာသည့်အတွက် ချိတ်ဆက်၍ အခြား မြို့နယ်များမှ လိုအပ်ချက်ရှိနေသည့် ကျောင်းသားကျောင်းသူများကို ဖြည့်ဆည်းလှူဒါန်း ပေးသွားမည်ဖြစ်သည်။
အမျိုးသမီးကော်မတီဝင်များက ဩဂုတ် ၈ ရက်တွင် အဖွဲ့(၂)ဖွဲ့ခွဲကာ မြောက်ညောင်ကုန်းကျေးရွာ(အထက)သို့ စက်ဘီး (၁၃၆) စီး၊ ကြို့ကုန်း(အထက)သို့ (၇၂)စီး၊ တဲကြိီးကုန်(အထက)သို့ (၁၄၆)စီး၊ ရွာသစ်(အထက)သို့ (၁၄၆)စီး စုစုပေါင်း စက်ဘီးအစီးရေ (၅၀၀)ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေဖြိုးအောင်(ပြန်/ဆက်)