နန်းယွန်း ၁၀ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ ဒုံဟီးမြို့နယ်ခွဲ ကျားဝယ် ကျေးရွာရှိ တောင်ယာစပါးခင်းများတွင် အရွက်စားလောက်ကောင်ပိုးတစ်မျိုး ကျရောက်သဖြင့် ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်ကာ ဆက်လက်ပြန့်ပွားမှုမရှိစေရေး စောင့်ကြည့်လျက် ရှိကြောင်း ဒုံဟီးမြို့နယ်ခွဲ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
အရွက်စားလောက်ကောင်ပိုးများ ကျရောက်မှုကို ကျားဝယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရှိရခြင်းဖြစ်ပြီး သတင်းရချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပိုးကျရောက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကာ တိုင်းဒေသကြီး/ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နှိမ်နှင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သတင်းပို့ချက်အရ ပိုးကျနေတယ်ဆိုတာကို အခုလ(၁)ရက်နေ့က သိရတယ်၊ (၂)ရက်နေ့မှာ အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ခရိုင်/တိုင်းဒေသကြီးအဆင့်ကို သတင်းပို့တယ်၊ သူတို့ရဲ့ လမ်းညွှန်ချက်အရ ပိုးသတ်ဆေးဖြန်းတာတို့ကို ဒေသခံတောင်သူတွေနဲ့ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်၊ အခုဆက်လက်ပြီးတော့လည်း ပိုးပြန့်ပွားမှုမရှိစေဖို့ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ဒုံဟီး မြို့နယ်ခွဲ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးက ပြောသည်။
အရွက်စားလောက်ကောင်ပိုး ကျရောက်လျက်ရှိသော ဒုံဟီးမြို့နယ်ခွဲ ကျားဝယ်ကျေးရွာ မှ တောင်သူ (၈၀)ဦး၏ တောင်ယာစပါးခင်းများတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် တောင်သူများမှ ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ကာဆက်လက်ကူးစက်မှု မရှိစေရေး စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)