မန္တလေး  ၁၀   သြဂုတ်

 

မန္တလေးတိုင်းဒေသကြီးအတွင်းမှ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မရှိသူများကို နှစ်လစီမံချက်ဖြင့် အပြီးပြုလုပ်ပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

 

မန္တလေးတိုင်း ဒေသကြီးအတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရှိသေးသူ ၁၂၅,၂၇၄ ဦး ရှိနေကြောင်း သိရသည်။

 

"မှတ်ပုံတက်လုပ်ပေးတဲ့အချိန်မှာ ငွေကြေး တစ်စုံတစ်ရာ ပေးစရာမလိုပါဘူး ၊ အခမဲ့လုပ်ပေးမှာပါ ၊ တကယ်လို့ ငွေကြေးပေးရတယ်ဆိုရင် ကျွန်တော့်ဆီကို လာပြောပါ " ဟု ဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

 

မန္တလေးတိုင်းအတွင်း ခရိုင်ခုနှစ်ခုအနက် ပြင်ဦးလွင်ခရိုင်တွင် ၄၁,ဝ၀ဝ ကျော်ဖြင့် မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိနေသူ အများဆုံးဖြစ်ပြီး မိုးကုတ်မြို့နယ်သည် ၁၆,ဝ၀ဝ ကျော်ဖြင့် လူဦးရေအများဆုံး မြို့နယ်ဖြစ်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရှိရသည်။

 

ထို့အပြင်မှတ်ပုံတင်ပျောက်ဆုံးကြောင်း လျှောက်ထားသူ ငါးသောင်းကျော်ကိုပါ ပြန်လည်ပြုလုပ် ပေးနေကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ၄၅ သိန်းကျော်ရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးမည့်လူငယ် ၂၈၀,ဝ၀ဝ ခန့် ရှိကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။

 

ဇူလိုင်လ ၂၅ ရက်မှစတင်ကာ မဲစာရင်းများကို ပထမအကြိမ် ထုတ်ပြန်ပေးထားပြီး မဲစာရင်း အမှားများကို ပြင်ဆင်ရန် အချိန်တစ်ပတ်ခန့် ထပ်တိုးပေးထားကြောင်း သိရသည်။

 

ဖြိုးအိ