၁၀ ဩဂုတ်
လက်ဘနွန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘေရွတ် ပေါက်ကွဲမှုအပြီး ပြင်သစ်နိုင်ငံက ဉီးဆောင်ပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ ဗီဒီယို အစည်းအဝေး မှတဆင့် ယူရိုငွေ သန်း ၂၅၀ ကျော် လှူဒါန်းသွားမယ်လို့ တနင်္ဂနွေနေ့က သဘောတူညီခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံ ၁၅ နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တဲ့ ဗီဒီယို အစည်းအဝေးပွဲမှာ လက်ဘနွန် ပြည်သူတွေအတွက် လာမယ့် ရက်ပိုင်းနဲ့ သီတင်းပတ်တွေမှာ စတင် ပေးအပ်မယ်လို့ သိရပါတယ်။
ဉရောပ သမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ်တို့ ပါဝင်တဲ့ နိုင်ငံပေါင်း ၃၀ နီးပါး ပါဝင်တဲ့ အစည်းဝေးပွဲ အပြီးမှာ ပူးတွဲကြေညာစာ တစ်စောင် ထုတ်ပြန်ခဲ့ပေမယ့် ကမ္ဘာက လှူဒါန်းမယ့် ပမာဏတော့ ပါဝင်ခြင်း မရှိတာကို တွေ့ရပါတယ်။
ဒါပေမယ့် အစည်းအဝေးကို ပြင်သစ် နိုင်ငံနဲ့ ကုလသမဂ္ဂတို့က ဉီးဆောင်ကျင်းပရာ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန် ရဲ့ ရုံးခန်းမှ ထုတ်ပြန်ချက်အရ ပြင်သစ်နိုင်ငံမှာ အလှူငွေ ယူရိုငွေ သန်း ၃၀ အပါအဝင် နိုင်ငံတကာမှ အလှူငွေ ယူရိုငွေကြေး ၂၅၂ ဒသမ ၇ သန်း ရှိကြောင်း သိရပါတယ်။
ပြင်သစ် သမ္မတ မက်ခရွန် ဟာ ဘေရွတ် ပေါက်ကွဲမှုအပြီး လက်ဘနွန် နိုင်ငံကို ပထမဦးဆုံး သွားရောက်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်ပါတယ်။
ဂျာမနီ နိုင်ငံက ယူရိုငွေ သန်း ၂၀ လှူဒါန်းသွားမှာ ဖြစ်ကြောင်းနဲ့ အရေးပေါ် အကူအညီ အကူအတွက် ယူရိုငွေ သန်း ၂၀၀ ကျော် လှူဒါန်းငွေစာရင်း ရရှိထားကြောင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
အမေရိကန် နိုင်ငံက အမေရိကန် ဒေါ်လာ ၁၅ သန်း လှူဒါန်းမယ် လို့ဆိုပါတယ်။ လှူဒါန်းမယ့် နိုင်ငံတွေက သူတို့ရဲ့ အလှူငွေတွေကို ကုလသမဂ္ဂရဲ့ ဦးဆောင်မှု အောက်ကနေ သုံးစွဲသွားမှာဖြစ်ပြီး လက်ဘနွန် အစိုးရဆီကို ပေးအပ်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။
-အသေအပျောက်စာရင်း-
ဘေရွတ် ပေါက်ကွဲမှုကနေ သေဆုံးသူ အနည်းဆုံး ၁၅၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၆,၀၀၀ ရှိပြီး လူပေါင်း ၃၀၀,၀၀၀ လောက်က အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဘေရွတ် ပေါက်ကွဲမှု အတွင်းမှာ လူ ၂၁ ဦး ပျောက်ဆုံးနေကြောင်း၊ အဲဒီလူတွေ ဆက်လက် အသက်ရှင်နေမယ်လို့ မျှော်လင့်ကြောင်း လက်ဘနွန် စစ်တပ်က တနင်္ဂနွေနေ့က ပြောကြားပါတယ်။
-ပျက်စီးမှု စာရင်း-
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုကြောင့် အဓိက ဆေးရုံ သုံးရုံ အပါအဝင် ဆေးခန်း အနည်းဆုံး ၁၅ ခုနဲ့ ကျောင်းပေါင်း ၁၂၀ မှာ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ကျောင်းတွေ ပျက်စီးခဲ့တဲ့အတွက် ကလေးငယ်ပေါင်း ၅၅,၀၀၀ ရဲ့ ပညာသင်ကြားရေးမှာ အနှောက်အယှက် ဖြစ်နိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် ထောင်ချီတဲ့ လူတွေမှာ အစားအစာ လိုအပ်မှုတွေဖြစ်ပြီး သောက်သုံးရေ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
-အစားအစာနဲ့ ဆေးဝါးလှူဒါန်းမှု-
ပြင်သစ်နိုင်ငံက တန်ချီ အစားအစာ၊ ဆေးဝါးနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို လက်ဘနွန်ကို ပို့ဆောင်ကူညီပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေး အဖွဲ့နဲ့ မှုခင်း ကျွမ်းကျင်သူတွေပါ စေလွှတ်ထားကြောင်း သိရပါတယ်။
ငွေကြေးလှူဒါန်းမှုအပြင် အီဂျစ်နဲ့ ကာတာ နိုင်ငံတွေက ယာယီဆေးရုံတွေ ပို့ဆောင်သွားမယ်လို့ ဆိုသလို ဘရာဇီးနိုင်ငံက ဆန် တန်ချိန် ၄,၀၀၀ နဲ့ စပိန်နိုင်ငံက ဂျုံ တန်ချိန် ၁၀ တန် ပို့ဆောင်သွားမယ်လို့ ကတိပေးထားပါတယ်။
MDN
ကိုးကား- AFP