နေပြည်တော် ၁၀ ဩဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရခိုင်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများကို အားပေးထောက်ပံ့ပြီး ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် အကျိုးခံစားခွင့်များ ရှင်းလင်းသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမ်းမြို့နယ်အတွင်း ယာယီတိုက်ပွဲရှောင်စခန်းအဖြစ် ဖွင့်ထားသည့် မိုးလုံလေလုံအားကစားခန်းမ (စခန်း-၁) နှင့် ပဲပဒုံစုရပ် (စခန်း-၂) တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ကြပြီး ရခိုင်နှင့် ချင်းတိုင်းရင်းသား တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားကာ အမ်းမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်း (၄)ခုနှင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသည့် လူဦးရေ ၄၁၂၃ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် ၁၁၁၃၂၁၀၀ဝ ကို တိုက်ပွဲရှောင်ပြည်သူများထံ ပေးအပ်သည်။
ဆက်လက်၍ တိုက်ပွဲရှောင်စခန်းများရှိ ထိခိုက်လွယ်အုပ်စုများတွင်ပါဝင်သော သက်ကြီးရွယ်အို ၆၈ ဦး၊ အသက် (၅)နှစ်အောက်ကလေးသူငယ် ၃၁၂ ဦး၊ မသန်စွမ်းသူ ၂၇ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၂၃ ဦးတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့က တစ်ဦးလျှင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၂၉၀၀၀၀ဝ ကို ပေးအပ်သည်။
ထို့အပြင် ယာယီစခန်း (၁)နှင့် စခန်း(၂)တို့တွင် လိုအပ်သော သန့်စင်ခန်း (၁၆)လုံး တည်ဆောက်နိုင်ရေးအတွက် ကုန်ကျမည့် ငွေကျပ် ၂၄ သိန်းကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ပွဲရှောင်ပြည်သူများအတွက် ယာယီနေရာချထားပေးနိုင်ရန် စီစဉ်ထားသည့် ရှုခင်းသာလျာထားမြေနေရာနှင့် ပြန်လည်နေရာချထားပေးမည့် ကျားမောင်းကျေးရွာအနီး လျာထားမြေနေရာတို့ကို သွားရောက်ကြည့်ရှုကြပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံစဉ် တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် လက်ရှိဘေးဒုက္ခအပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် အခက်အခဲများ ပိုမိုကြုံတွေ့ရသည်ကို စာနာနားလည်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများခံစားရသော ဘေးဒုက္ခများကို လျော့နည်းသက်သာစေရန် အထူးအစီအစဉ်အဖြစ် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ကို ချမှတ်၍ အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည် ဝန်ကြီးဌာနကဆောင်ရွက်သည့် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးမှုများတွင် ဦးစားပေးအဖြစ် ပါဝင်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ၂၀၁၇ ခုနှစ်မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်တွင်လည်း ပါဝင်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် တိုက်ပွဲရှောင်ပြည်သူများထဲမှ ထိခိုက်လွယ်အုပ်စုများမှာ ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကိုလည်း တစ်ကြိမ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ယာယီစခန်းများတွင် သောက်သုံးရေ ရရှိရေးအတွက်လည်း ရေလှောင်ကန်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သောကြောင့် ပြည်ထောင်စုစိတ်ဓာတ်ရှိကြပြီး နိုင်ငံ၏ တစ်နေရာတွင် ဒုက္ခရောက်ပါက အားလုံးက ဝိုင်းဝန်ကူညီကြပါကြောင်း၊ ယင်းစိတ်ရင်းခံဖြင့် မိမိတို့ရောက်ရှိလာကြခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ကိုယ်ချင်းစာစိတ်ရှိရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘေးဒုက္ခခံစားရသော ပြည်သူများအား အမြဲကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်များဖြင့် ပြည်သူများ ဘေးဒုက္ခများ လျော့နည်းသက်သာစေရေး အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားလုံး ငြိမ်းချမ်းသာယာသော ဘဝများ အမြန်ဆုံး ရရှိပါစေကြောင်း ဆန္ဒပြုပါကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်