နေပြည်တော် ၁၀ ဩဂုတ်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ဩဂုတ် ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ သွားရောက်ပြီး ငွေဆောင်ကမ်းခြေခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) အဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် Bay of Bengal Resort တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ငွေဆောင်ကမ်းခြေဒေသ သန့်ရှင်းသာယာလှပရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ထားရှိရန်အတွက် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသခံများ အချိုးညီညီ ပါဝင်ဖွဲ့စည်းထားသည့် DMO များကို ဖွဲ့စည်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကမ်းခြေများကို စနစ်တကျနှင့် လုံခြုံစိတ်ချစွာ ပြန်လည်ဖွင့်လှစ်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ Physical Distancing ဆိုင်ရာများကို မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ချောင်းသာကမ်းခြေသို့ ရောက်ရှိပြီး Golden Beach Hotel ချောင်းသာကမ်းခြေ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံ၍ ချောင်းသာကမ်းခြေသည် ပြည်တွင်းခရီးသွားများ အများဆုံး လာရောက်လည်ပတ်သည့် ကမ်းခြေဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှုမှ ဘေးကင်းလုံခြုံ အပန်းဖြေနိုင်ရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ချောင်းသာကမ်းခြေ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီကိုဖွဲ့စည်းပြီး ကမ်းခြေဒေသ သန့်ရှင်းသာယာလှပရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ အပန်းဖြေစေရေးတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကမ်းခြေများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ Physical Distancing လုပ်ဆောင်မည့် အစီအမံများကို DMO များမှတစ်ဆင့် တင်ပြပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက ချောင်းသာကမ်းခြေအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စီမံဆောင်ရွက်ထားရှိမှုများအား တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

1