ဘားအံ ၁၀ ဩဂုတ်
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ကွက်နှင့် ကျေးရွာများ ဖွံ့ဖြိုးရေးကိစ္စများ တင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဩဂုတ် ၁၀ ရက် နံနက် ၉ နာရီခွဲက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကျေးရွာဒေသများအတွက် အသေးစားချေးငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအပေါ် အသေးစားလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် အကျိုးရှိစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ တောင်းဆိုမှုအား လက်ခံဆောင်ရွက် ပေးခဲ့ရာတွင် တစ်လအတွင်း ဆောင်ရွက်ပေးသွားနိုင်ရေး ပြန်လည်ချိတ်ဆက်သွားစေလိုကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာတို့တွင် မကြာခင် မဲပေးကြရတော့မည် ဖြစ်သောကြောင့် မှန်မှန်ကန်ကန်မဲပေးနိုင်ရေး မဲစာရင်းများ ကြည့်ရှုနိုင်ကြစေရေး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးများက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိုးရာသီတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍများအတွက် ရေရရှိရေး ရေမြောင်းပြုပြင်ခြင်းများ ဆောင်ရွက်ဖို့လိုပါက ဆောင်ရွက်ပေးနိုင်ဖို့ အသိပေး တောင်းဆိုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာများ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား တင်ပြတောင်းဆိုခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


