နေပြည်တော် ၁၀ ဩဂုတ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဩဂုတ် ၈ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီး ဦးတင်အောင်၀င်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဓနုဖြူမြို့နယ် အလမျိုးကျေးရွာအုပ်စုအတွင်း Cash For Work စီမံကိန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလမျိုးကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် စီမံကိန်းတာဝန်ရှိသူများက အလမျိုးကျေးရွာ လူထုဗဟိုပြုစီမံကိန်း၏ ပထမနှစ်နှင့် ဒုတိယနှစ် စက်ဝန်းကာလ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိတတိယနှစ်စက်ဝန်းကာလ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကျုံတနီး၊ ချောင်းစောက်နှင့် ကုန်းတန်းမြောက် ကျေးရွာများတွင် ကျေးရွာ မ,တည် ရန်ပုံငွေ စီမံကိန်း(VRFP)နှင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ကျေးလက်အခြေခံအဆောက်အဦများ၊ ကျေးရွာမီးလင်းရေးနှင့် ကျေးလက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ သို့ဖြစ်ရာ ကျေးလက်နေပြည်သူများကလည်း ဆောင်ရွက်ပြီးစီးမှုများအား ရေရှည်တည်တံ့ရေး၊ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေးတို့ကို ကျေးရွာလူထုအားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပေးစေလိုကြောင်း၊ လိုအပ်သည့် နည်းပညာ အကူအညီများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ကြရန်မှာကြားသည်။

 

အလမျိုးကျေးရွာအတွင်း ကျေးလက်ကွန်ကရစ်လမ်းခင်းခြင်းကို စီမံကိန်းထောက်ပံ့ ငွေကျပ် ၂၂၆ ဒသမ ၁၂၇၆၃ သိန်း၊ ကျေးရွာလူထုထည့်ဝင်ငွေ ၃ သိန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၆ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၆ ရက်တွင် ပြီးစီးခဲ့ခြင်းဖြစ်ကာ (၆)တန်အောက်ယာဉ်များ သွားလာနိုင်မည်ဖြစ်သည်။

 

ဆက်လက်၍ ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပေါက်နွယ်စမ်းကျေးရွာအုပ်စု စမ်းရွာကျေးရွာ၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မျှင်ဝါးတောင်ကျေးရွာတို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းဖြင့် ကျေးလက် ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုများ၊ ကျေးရွာ မ,တည် ရန်ပုံငွေ စီမံကိန်း (VRFP)၊ လူထုဗဟိုပြုစီမံကိန်း (CDD) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း Cash For Work စီမံကိန်း ကျေးရွာ (၂၅၀)ရွာ၊ ကျေးရွာ မ,တည် ရန်ပုံငွေစီမံကိန်း (VRFP)  (၁၀၀)ရွာ၊ လူထုဗဟိုပြုစီမံကိန်း (CDD) (၆)မြို့နယ်တို့ဖြင့် ကျေးလက်နေပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်