နေပြည်တော် ၁ဝ ဩဂုတ်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အာရှဖောင်ဒေးရှင်း (The Asia Foundation) တို့ ပူးပေါင်းဖွင့်လှစ်သည့် စကားပြန်သင်တန်း အမှတ်စဉ် (၄/၂၀၂၀) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဉီးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ အာရှဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများ ပါဝင် တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စကားပြန်အဖြစ် ဆောင်ရွက်လျက် ရှိသူများအပါအဝင် ဌာနစုမှူး-၂ မှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်အထိ အရာထမ်း စုစုပေါင်း (၁၀) ဦး တက်ရောက်မည်ဖြစ်သည်။ သင်တန်းတွင် စကားပြန်ဘာသာရပ်နှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် စကားပြန်ခြင်း နည်းစနစ်များ၊ Note Taking နည်းစနစ်များ၊ Public Speaking ဆိုင်ရာ သိမှတ်ဖွယ်ရာများကို တစ်နေ့လျှင် (၃) နာရီနှုန်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


