မကွေး ၁၀ သြဂုတ်

 

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။

 

သင်တန်းဖွင့် အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက  ရာသီဥတု ဖောက်ပြန်မှုများကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံများပါ သဘာဝဘေးအန္တရာယ် (Natural Disaster)များ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ပရဟိတအဖွဲ့များ အနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့်အခါ စနစ်တကျ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် မီးသတ်တပ်ဖွဲ့သုံး  ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် ပတ်သက်ပြီး စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ကြောင်း၊ ပရဟိတ အသင်းအဖွဲ့များအနေဖြင့် ပြည်သူကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆိုင်ရာများနှင့် ကူညီဖေးမရာတွင် ရောင့်ရဲတင်းတိမ်စိတ် မထားဘဲ လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြပါ၊ အထူးသဖြင့် သင်တန်းသားတိုင်း၏ နှလုံးအိမ်တွင် ရန်သူ၊ မိတ်ဆွေမရှိဘဲ ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိတို့၏ အသက်ခန္ဓာကို အရင်းတည်ပြီး ကူညီကယ်တင်ရတာကြောင့် မွန်မြတ်သည့် နှလုံးသားပိုင်ရှင် အသင်းအဖွဲ့များဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် KS၊ ရောင်စုံမေတ္တာ (MR)၊ ခေမာ၊ သဒ္ဓါရှင်၊ သုခဘုံ၊ သွေးဝေလျှံ၊ ကရုဏာရှင်၊ ရွှေရောင်လက်၊ သက်တော်ရှည်၊ စာဂပရဟိတ စသည့် အသင်းအဖွဲ့များမှ သင်တန်းသား ၄၀ တက်ရောက်ပြီး သင်တန်းကာလမှာ သြဂုတ် ၁၀ ရက်မှ ၂၃ ရက်အထိ (၂) ပတ်ကြာ တိုင်း/ ခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာနမှ သင်တန်းနည်းပြများက စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)