နေပြည်တော် ၁၀ ဩဂုတ်

လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင်ကာ ပုံမှန်ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အားကစားကဏ္ဍတွင် နိုင်ငံတကာအားကစား ပြိုင်ပွဲများ၌ အောင်နိုင်ရေးအတွက်သာမက ပိုမိုအရေးကြီးသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လုပ်ငန်းမဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိရာ "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်လုပ်ဆောင်လာပြီး ရေရှည်တွင် "ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှု အလေ့အထနှင့် ယဉ်ကျေးမှုထုံးစံအဖြစ် လျင်မြန်စွာ ဖြစ်တည်လာစေရေးအတွက် လုပ်ငန်းစဉ်အမျိုးမျိုးကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ယခင်က လူထုအားကစားလှုပ်ရှားမှုများကို နှစ်စဉ် ဒီဇင်ဘာလတွင်သာ ပြုလုပ်ခဲ့ရာမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ကျင်းပရန် သင့်လျော်သည့်နေ့ရက်များ တရားဝင် သတ်မှတ်ပေးနိုင်ရေးအတွက် ယနေ့အစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြုကြ စေလိုပါကြောင်း၊ ကျောင်းနေအရွယ် လူငယ်များတွင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှု အလေ့အထကောင်းများ သန္ဓေတည်ဖြစ်ထွန်းလာပါက အဆိုပါအလေ့အထကောင်းများသည် ၎င်းတို့၏ မိဘများ၊ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများထံ ထပ်ဆင့်ပြန့်ပွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းဖြင့် အားကစားလေ့ကျင့်မှုဖြင့် ကျန်းမာကြံ့ခိုင်သည့် လူအုပ်စုများပြားလာမည် ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းလက်တွဲကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

အားကစားနှင့် ကာယပညာဦးစီးဌာနသည် "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" ဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းတို့နှင့် အပြန်အလှန် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း အဆက်မပြတ်ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများ၏ ရုံးဌာနအသီးသီးတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ကာ အားကစားပြုလုပ်သည့် အလေ့အထပျိုးထောင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" အစီအစဉ်ဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ရေတိုအတွက်မဟုတ်ဘဲ ရေရှည်တည်တံ့မည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းမူဘောင်များ ချမှတ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်မှု ပိုမိုထိရောက်မှုရှိစေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

1111

 

ထို့နောက် Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရာတွင် ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေသောကာလနှင့် ကိုဗစ်-၁၉ အလွန် ကာလများတွင် ပြောင်းလဲလာသည့် နေထိုင်မှုပုံစံသစ်များနှင့်အညီ ဆောင်ရွက်ရမည့် အစီအစဉ်များကို ချမှတ်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများတွင် ကာယပညာသင်ကြားလေ့ကျင့်မှုဆိုင်ရာ သင်ခန်းစာများကို သင်ရိုးညွှန်တမ်းသစ်တွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခြင်းဖြင့် ကိုယ်ကာယဖွံ့ဖြိုးမှုအပြင် ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု၊ စိတ်ခံစားမှုပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုများကိုပါ ရရှိစေပြီး သင်ကြားသင်ယူမှုကို များစွာအထောက်အကူပြုသဖြင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်မှုများသည်များစွာ အရေးကြီးပါကြောင်း၊ အားကစားလေ့ကျင့်မှုပုံစံပြသမှုများကို အင်တာနက်၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် ထုတ်လွှင့်နေခြင်းမှာ ကောင်းမွန်ပြီး ပညာရေးဝန်ကြီးဌာနမှ ထူထောင်ထားသော "Myanmar Digital Education Platform" တွင်လည်း ထည့်သွင်းထုတ်လွှင့်သွားမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းနှင့် တက္ကသိုလ်များတွင် ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်များ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းမှ ပညာရေးဝန်ကြီးဌာနအနေဖြင့် အားကစားနှင့် ပညာရေးပေါင်းစပ်၍ ကာယပညာသင်ရိုးများ ထည့်သွင်းထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး လူထုအားကစားလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံး ပုံမှန်ကျင်းပနိုင်ရေး အကြံပြုချက်များ ပေးအပ်သည်။

 

ဆက်လက်၍ EIM Myanmar National Technical Committee မှ ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်က ကော်မတီ၏ (၂၀၁၉) ခုနှစ် ဇွန်လမှ (၂၀၂၀) ခုနှစ် ဇွန်လအထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား တင်ပြသည်။

           

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ အဖွဲ့ဝင်များဖြစ်ကြသော ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုအားကစားလှုပ်ရှားမှုများကို ပုံမှန်ကျင်းပရန်၊ ဝန်ကြီးဌာန အသီးသီးရှိ ရုံးများတွင် ကိုယ်လက်လှုပ်ရှားအားကစားကို ပုံမှန်ဆောင်ရွက်ရန်နှင့် ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြုလုပ်သင့်သည့် လေ့ကျင့်ခန်း အစီအစဉ်များ၊ လူထုအားကစား လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံး၌ ပုံမှန်ကျင်းပနိုင်ရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

 

22222