နေပြည်တော် ၁၀ ဩဂုတ်

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ယနေ့ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို အဓိကအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖြစ်ကြသည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နှင့် ကိုးကန့်ဒေသတို့ရှိ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပိုမိုချောမွေ့ အဆင်ပြေစေရေးအတွက် မြေယာ၊ ယစ်မျိုး စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ ကော်လိတ္တော် အရာရှိ လုပ်ပိုင်ခွင့်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များတွင် တာဝန်ထမ်းဆောင်နေကြသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးများကို အပ်နှင်းပြီးစီးမှု အခြေအနေ၊ ကော်လိတ္တော် အရာရှိ လုပ်ငန်းတာဝန်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရှင်းလင်းဆွေးနွေးနိုင်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ၏ ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားအခွင့်အရေးများ မြှင့်တင်ရေး၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ရှင်းလင်းဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း။

 

အဆိုပါ လုပ်ငန်းစဉ်များသည် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးတွင် အခြေခံကျသည့် လုပ်ငန်းများဖြစ်ပြီး ပါဝင်ဆောင်ရွက်သူအားလုံး ကျေလည်စွာ သိရှိဆောင်ရွက်နိုင်ရေးသည် အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ အဆိုပါအချက်ကို အထောက်အကူပြုနိုင်ရေးအတွက် ယနေ့ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း။

 

ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ပထမအချက်ဖြစ်သည့် ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်အပ်နှင်းသည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရောက်ရှိချိန်မှစ၍ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှု အခြေအနေများကို  အသေးစိတ် ရှင်းလင်းဆွေးနွေး တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ရှင်းလင်းတင်ပြချက်များအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ အနေဖြင့် အခြားသိရှိလိုသည့် အချက်များနှင့် အကြံပြုလိုသည့် အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးနိုင်ရန် ဖိတ်ခေါ်အပ်ပါကြောင်း။

 

ဒုတိယအချက်ဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ၏ ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား အခွင့်အရေးများ မြှင့်တင်ရေးနှင့်  ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးဥက္ကဋ္ဌများ အနေဖြင့်လည်း မိမိတို့သိရှိဆွေးနွေးလိုသည့် အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုပါကြောင်း။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ကြရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

 

ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များ အောင်မြင်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး ဆွေးနွေးပွဲမှရရှိသည့် အချက်များကို အခြေခံ၍ ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ကော်လိတ္တော်အရာရှိ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းသည်။

 

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးများဖြစ်သည့် ဦးတင်မြင့်နှင့် ဦးလှမော်ဦးတို့က ရှင်းလင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသည်။

 

မွန်းလွဲပိုင်းတွင် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ၏ ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား အခွင့်အရေးများ မြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဦးတင်မြင့်နှင့် ဦးလှမော်ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်