နေပြည်တော် ၁၀ သြဂုတ်
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့်အတူ ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ရွှေဘိုမြို့ အမှတ် (၅) ရပ်ကွက်ရှိ လူငယ်ဖွံ့ဖြိုးရေးစခန်းသို့ ရောက်ရှိပြီး ဖွံ့ဖြိုးရေးစခန်းအတွင်း လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဘိုမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအတွင်း စိုက်ပျိုးထားရှိသော ရာသီသီးနှံများ၊ သရက်စိုက်ခင်းနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီပဲယင်းမြို့နယ်၊ သရက်ကန်ကျေးရွာရှိ ဆရာစံ ပညာသင်ကြား ဆည်းပူးခဲ့သည့် သာသနာ့ဉာဏ်ရောင်ခြည် ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံတောင်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးရာ တက်ရောက်လာသည့် တောင်သူဦးမိုးဝေက တောင်သူလယ်သမားနေ့တွင် သရက်ကန်ကျေးရွာ၌ ဆရာစံ အမှတ်တရ ရုပ်ထုထားရှိရေးကို နိုင်ငံတော်မှ ကြီးမှူးကျင်းပစေလိုကြောင်း၊ ဆရာစံမွေးဖွားရာ ဒေသအား ဂုဏ်ပြုသောအားဖြင့် ကျေးရွာမှ ဆည်လက်တံအထိ ကွန်ကရစ် (သို့မဟုတ်) ကတ္တရာလမ်း ခင်းပေးစေလိုကြောင်း၊ ကျေးရွာအတွင်း မီးလိုင်းများ တပ်ဆင်ပြီးဖြစ်သည့်အတွက် အမြန်ဆုံးမီးလင်းရေး ဆောင်ရွက်ပေးစေလိုကြောင်းကိုလည်းကောင်း၊ တောင်သူ ဦးသိန်းပိုင်က ကျေးရွာအထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရေး၊ ပညာရေးဝန်ထမ်းများအား ထပ်မံတိုးမြှင့် ခန့်ထားပေးရေးကိုလည်းကောင်း၊ သရက်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက စိုက်ပျိုးရေးသုံး ပြည်ပမှ ဓာတ်မြေဩဇာများ အရည်အသွေး ပြည့်မီမှု ရှိ/မရှိ စိစစ်ပြီးမှ တင်သွင်းခွင့် ပြုပေးပါရန်တို့ကိုလည်းကောင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ အဆိုပါကျေးရွာတွင် JICA အကူအညီဖြင့် တည်ဆောက်ခဲ့သော စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် ဒီပဲယင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးအေးမင်းထွန်းက မျိုးစပါး ဧက (၁၇၀၀) စိုက်ပျိုးထုတ်လုပ်နေမှုကို CERP အရ ထောက်ပံ့ပေးသွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် များရရှိနိုင်ရေးမှာ အဓိက လိုအပ်ချက်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများက ဖြည့်ဆည်းပေးနိုင်ရေးကို ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အရာတော်မြို့နယ်၊ စားသုံးသူရေးရာခရိုင် ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး သနပ်ခါးတင်ပို့ထုတ်လုပ် ရောင်းချသူများအသင်းက ခင်းကျင်းပြသထားသည့် သနပ်ခါးနှင့် သနပ်ခါးထုတ် ပစ္စည်းများအား ကြည့်ရှုအားပေးပြီး အစည်းအဝေးခန်းမတွင် သနပ်ခါးထုတ်လုပ်တင်ပို့သူ အသင်းသားများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်မှုသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထုတ်ကုန်ဖြစ်သည့်အတွက် သနပ်ခါးစိုက်ပျိုးသည့် မြေဧရိယာကို ရှေးဟောင်းအမွေအနှစ် ဧရိယာအဖြစ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် Commerce Journal တွင် သနပ်ခါးအကြောင်း ထည့်သွင်းဖော်ပြရေး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြခန်းတွင် သနပ်ခါးထုတ်ကုန်များ ပြသထားနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးရန်မှာကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် သနပ်ခါးအသင်း ဥက္ကဋ္ဌတို့က သနပ်ခါးစိုက်ပျိုးမှုမြေဧက များစွာရှိနေကြောင်း၊ ကိုဗစ်ကာလအတွင်း ခုတ်ထားပြီးဖြစ်သည့် သနပ်ခါးများ သိုလှောင်ထားရှိခြင်းအတွက် ထိခိုက်နစ်နာမှုများရှိသဖြင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်နှင့် သွင်းအားစုများ ထည့်သွင်းရန် ချေးငွေထုတ်ပေးနိုင်ရေး၊ သနပ်ခါးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ရုံးဆောက်လုပ်ရန် မြေနေရာရရှိရေး ဆောင်ရွက်ပေးရန် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ညှိနှိုင်းပေါင်းစပ်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အရာတော်မြို့နယ် - သခွပ်ပင်လယ် ကျေးရွာရှိ ဦးညွှန့်ဖေပိုင် လျှော်ဖြူစိုက်ခင်း (၆) ဧက စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးခန်းမ၌ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကာလအတွင်း ထိခိုက်ဆုံးရှုံးမှုများအတွက် ပထမဦးစားပေး၊ ဒုတိယဦးစားပေး အဆင့်အလိုက် ထောက်ပံ့ချေးငွေ ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားပြီး ပဲခွဲစက်လုပ်ငန်းရှင်က တရုတ်နိုင်ငံဘက်မှ စားတော်ပဲ ဝင်ရောက်နေမှုများကြောင့် ပြည်တွင်းထုတ်လုပ်မှု ထိခိုက်မှုရှိပြီး စိုက်ပျိုးထုတ်လုပ်မှုစရိတ် ကာမိစေရေး ရောင်းချနိုင်ခြင်းမရှိသောကိစ္စ၊ စက်မှုဇုန် ဒုတိယဥက္ကဋ္ဌက တရုတ်ပြည်ဘက်မှ လျှပ်စစ်ပစ္စည်းများ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ တင်သွင်းရောင်းချနေမှုကြောင့် သုံးစွဲသူများ နစ်နာထိခိုက်ဆုံးရှုံးမှုများ ဖြစ်သည့်အပြင် ပြည်တွင်းထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေပါကြောင်း၊ သွင်းကုန်နှင့်ပတ်သက်၍ အရည်အသွေးစစ်ဆေးမှု အားနည်းမှုကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှုများ ဖြစ်ပွားနေမှုအား ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်ကိစ္စ၊ ယက်ကန်းလုပ်ငန်းရှင်များ အသင်းဝင်တစ်ဦးက ပြည်တွင်းယက်ကန်းလုပ်ငန်းများ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့်အတွက် လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ချေးငွေများထုတ်ပေးနိုင်ရေးကိစ္စ၊ ဆားတောင်ကျေးရွာမှ အသေးစားအလတ်စား လုပ်ငန်းရှင်တစ်ဦးက နိုင်ငံတော်အနေဖြင့် လုပ်ငန်းရှင်များအား ထုတ်ချေးပေးသည့် သတ်မှတ်ရက်အား ထပ်မံတိုးပေးရန်ကိစ္စတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းပေါင်းစပ်ပေးသွားမည် ဖြစ်ကြောင်းနှင့် တင်ပြပါကဏ္ဍများအလိုက် Forum များ ကျင်းပပြုလုပ်ပေးခြင်း၊ မိမိဝန်ကြီးဌာနသို့ လုပ်ငန်းရှင်များက လာရောက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းနှင့် လုပ်ငန်းကဏ္ဍအလိုက် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်