ရန်ကုန် ၁၀ သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် သြဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို​ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် နံနက် ၉ နာရီ၌ ကွမ်းခြံကုန်းမြို့နယ် ကော့ခနိမ်ကျေးရွာရှိ ၃၃/ဝ.၄ ကေဗွီ / ၂၀၀ ကေဗွီအေ ဓါတ်အားလိုင်းနှင့် မရမ်း - သပြုစမ်းလမ်း ၁၁ / ကေဗွီ ဓာတ်အားလိုင်းများမှ ကျေးရွာများရှိ ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

 

1111

 

ထို့နောက် လမ်းဦးစီးဌာန တည်ဆောက်ရေး (၃)၊ လမ်းအထူးအဖွဲ့ (၁၄)မှ တာဝန်ရှိသူများက ၂ မိုင်၊ ၄ ဖာလုံ အရှည်နှင့် အကျယ် ၂၄ ပေရှိ ကွမ်းခြံကုန်းမြို့ရှောင်လမ်း ဖောက်လုပ်နေမှုနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွမ်းခြံကုန်း - ကမာကလွန်း - မန်းဂလိပ် - ထီဖာရွာချင်းဆက် ကွန်ကရစ်လမ်းခင်းနေမှုတို့ကို လုပ်ငန်းခွင်ယာယီနေရာများ၌ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

 

222222

 

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကော့မှူးမြို့နယ် အားကစားခန်းမ အကြီးစားပြင်ဆင်နေမှု၊ ၃၃ / ၁၁ ကေဗွီ / ၅ အမ်ဗွီအေ ညောင်ကုန်းဓါတ်အားခွဲရုံ တည်ဆောက်နေမှုနှင့် ကော့မှူးမြို့နယ် မြို့နယ်စုပေါင်းရုံး ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဌာနများအလိုက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရေး မှာကြားခဲ့သည်။

 

ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအားလုံးသည် တိုင်းဒေသကြီး ဘဏ္ဍာငွေများဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)

 

3333