ချင်းပြည်နယ် ၁၀ ဩဂုတ်

 

ဖလမ်းမြို့ မြို့​ပြစီမံကိန်းဧရိယာအတွင်းရှိ မြေကွက်(၂၄၇)ကွက်ကို ဩဂုတ်လအတွင်း ပြည်သူများထံရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ​

 

ဩဂုတ်လ (၁၀) ရက် ညနေပိုင်းက ဖလမ်းမြို့ အိမ်မြေကွက်ချထားရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဆွေးနွေးညှိနှိုင်းပွဲတွင် ဖလမ်းမြို့ မြို့ပြစီမံကိန်းဧရိယာအတွင်းရှိ အိမ်မြေကွက် မူလအကွက်ချထားမှုအခြေအနေနှင့် မြေအတန်းအစားအလိုက် လျာထားအိမ်မြေကွက်(၂၄၇)ကွက်ကို ပြည်သူများထံ ချထားပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းကြသည်။

 

မြေကွက်ပထမအဆင့်ကို ကျပ်သိန်း (၂၀)၊ ဒုတိယအဆင့် ကျပ် (၁၀) သိန်းနှင့် တတိယအဆင့် ကျပ် (၅) သိန်း​ သတ်မှတ်ထား​ကြောင်း၊ မြေကွက်ရောင်းချရာတွင် ပထမဦးစားပေးအဖြစ် ဖလမ်းမြို့ပေါ်ရှိ အိမ်ပိုင်မရှိသည့် အငြိမ်းစားသင်းအုပ်ဆရာများ၊ ဒုတိယဦးစားပေးအဖြစ် အိမ်ပိုင်မရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် တတိယ ဦးစားပေးအဖြစ် အိမ်ပိုင်မရှိ​သေးသူများကို မြေကွက်များ ချထားပေးရန် ဆွေးနွေးဆုံးဖြတ်ကြကြောင်း သိရှိရသည်။

 

မြေကွက်လျှောက်လွှာများကို ဩဂုတ်လ (၁၇) ရက်မှ စက်တင်ဘာလ (၄) ရက်အထိ မြို့နယ်သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမတွင် နံနက် (၁၀)နာရီမှ ညနေ (၄) နာရီအထိ ရောင်းချပေးမှာဖြစ်ပြီး၊ စက်တင်ဘာလ (၇) ရက်တွင် မြေကွက်နေရာများကို မဲဖောက်ပေးသွားမှာ ဖြစ်ကြောင်းသိရှိရသည်။

 

# MRTV