မျက်လုံးအဖြူသားတွေ ဝါနေတယ်၊ အသားတွေ ဝါနေတယ်ဆိုရင် သေချာတာကာ အသားဝါရောဂါ ခံစားနေရတာပါ။ ဒီအခြေအနေကို သက်သာစေဖို့ ဘာတွေစားရမလဲ။ ဘာတွေ ရှောင်ရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

 

ဘာကြောင့် အသားဝါတာလဲ။

 

စားလိုက်သမျှ အစားအစာတွေ သောက်လိုက်တဲ့ အရည်တိုင်းကို အသည်းက စစ်ထုတ်လုပ်ဆောင် ပေးပါတယ်။ အသည်းက စားလိုက်တဲ့ အစားအစာတွေထဲက အာဟာရတွေကို စုပ်ယူပြီး အင်အားအဖြစ် ပြောင်းလဲပေးဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ သွေဆဲလ် အဟောင်းတွေနဲ့ ပျက်စီးနေတဲ့ သွေးဆဲလ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးတာပါ။ အသည်းက ပုံမှန်လည်ပတ်မှု မရှိတော့ဘဲ ဟန်ချက် ပျက်သွားမယ်ဆိုရင် အသည်းမှာ စွန့်ထုတ်ပစ်ရမယ့် အရာဖြစ်တဲ့ bilirubin တွေ စုပုံသွားပါလိမ့်မယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအနေနဲ့ အသားဝါတာမျိုး ဖြစ်လာပါလိမ့်မယ်။

 

စားလိုက်သမျှ သောက်လိုက်သမျှ အရာတိုင်းက အသည်းရဲ့ လုပ်ဆောင်မှုတွေ အပေါ် တိုက်ရိုက် သက်ရောက်မှု  ရှိနေပါတယ်။ ကျန်းမာအောင် စားသောက်မယ်ဆိုရင် အသည်းက လုပ်ဆောင်ချက်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်သလို  ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး  ဖယ်ရှားပေးနိုင်မှာပါ။

 

အသားဝါခြင်း အမျိုးအစား

 

ဒီအချက် (၂) ချက်ကြောင့် အသားဝါနိုင်ပါတယ်။

 

•    မသန့်ရှင်းတဲ့ ရေကနေတဆင့် ကူးစက်ခြင်း

 

•    မသန့်ရှင်းတဲ့ အပ်တွေကနေ ပိုးကူးစက်တာနဲ့ ခန္ဓာကိုယ် အရည်တွေကနေ ပိုးကူးစက်တာကြောင့် အသားဝါနိုင်ပါတယ်။

 

အသားဝါနေတယ် ဘာတွေစားလို့ရမလဲ။

 

အသားဝါနေတာကို သေချာ ဂရုစိုက်မယ်ဆိုရင် သက်သာပျောက်ကင်း နိုင်ပါတယ်။ ဒါကြောင့် အသားဝါ သက်သာစေဖို့ဆိုရင်

 

•    တစ်နေ့ကို ရေ ၈ ခွက်သောက်ပါ။ ရေက အသည်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

 

•    အုန်းစိမ်းရည် သောက်ပေးပါ။

 

•    သံပုရာရည် သောက်ပေးပါ။

 

•    လတ်ဆတ်တဲ့ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

 

•    ကော်ဖီ (သဘာဝ ကော်ဖီမှုန့်စစ်စစ်ကို ဖျော်ထားတဲ့ ကော်ဖီ) နည်းနည်းလောက် သောက်ပေးပါ။

 

•    အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်တဲ့ (Milk thistle) သောက်ပါ။

 

•    သဘာဝ အစာခြေအင်ဇိုင်းပါတဲ့ ပျားရည်၊ နာနတ်သီး၊ သရက်သီး စတာတွေကို စားသုံးပေးပါ။

 

•    Bilirubin ကို စုပ်ယူပေးနိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေ စားပေးပါ။

 

ဒါတွေကိုတော့ ရှောင်ပေးပါ။

 

အသားဝါနေချိန်မှာ ဒါတွေကိုတော့ ရှောင်သင့်ပါတယ်။

 

•    အယ်လ်ကိုဟောကို ချေဖျက်တာက အသည်းကို ပိုထိခိုက်စေနိုင်တာကြောင့် အယ်လ်ကိုဟော ရှောင်ပါ။

 

•    ပြည့်ဝဆီ (တိရစ္ဆာန် အဆီ) တွေက ချေဖျက်ဖို့ ခက်ခဲတာကြောင့် အသားဝါနေချိန်မှာ ရှောင်ပါ။

 

•    သန့်စင်ပြုပြင်ထားတဲ့ သကြားနဲ့ ဆိုဒီယမ်တို့ကို ရှောင်ပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ၊ ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”