ပြင်ဦးလွင် ၁၁ ဩဂုတ်
ပြင်ဦးလွင်ခရိုင် လူငယ်ရေးရာကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြင်ဦးလွင်ခရိုင်အတွင်းရှိ လူငယ်ရေးရာ ကိစ္စများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော ကော်မတီတခုဖြစ်ရန် လိုအပ်ချက်များ.၊ ဌာနမှပံ့ပိုးပေးနိုင်မှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကို ဆွေးနွေးခဲ့ပြီး လူငယ်ရေးရာမူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်စားလှယ်များနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် အချက်များ၊ မြို့နယ်အလိုက် ကိုယ်စားလှယ်များ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း ၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ လူငယ်ကိုယ်စားလှယ်များနှင့် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မြတ်ဆုမွန်